အသက် ၆ဝ ကျော်သူတွေ အိမ်ကနေ ကြိုတင်မဲပေးနိုင်ဖို့ ကော်မရှင် စီစဉ်

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အသက်ခြောက်ဆယ်နဲ့အထက် မဲပေးခွင့်ရှိသူ တစ်သိန်းခွဲကျော်ရှိပြီး အသက်ကြီးတွေ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်း ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်နေပြီလို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးနှစ်ဆန်းဦး ကပြောပါတယ်။

သက်ကြီးတွေမဲပေးနိုင်ရေး သက်ဆိုင်ရာ မြို့နယ်နဲ့ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် လိုက်လံကောက်ခံသွားမယ်လို့ ပြောပါတယ်။

ကပ်ရောဂါဖြစ်ပွားမှုနှုန်းများနေတဲ့ ရန်ကုန်တိုင်းမှာတော့ အသက် ၆၀ အထက် မဲပေးခွင့်ရှိသူ ရှစ်သိန်းကျော် ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာလ ၂၀ ရက်နေ့ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်နှစ်ဆယ်မှာ မဲပေးနိုင်သူ အရေအတွက် စုစုပေါင်းက (၁၄) သိန်းကျော် ရှိပါတယ်။ ရှမ်းမြောက်မှာ နိုင်ငံပြင်ပရောက်သူတွေ ကြိုတင်မဲပေးဖို့ တင်ပြခဲ့တဲ့ အရေအတွက်က ၁၃၆၄ ဦး ရှိခဲ့ပြီး မဲပေးပြီးအရေအတွက်ကို စိစစ်ဆဲဖြစ်တယ်လို့ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်းကနေ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီ၂၅ ပါတီ ကရွေးကောက်ပွဲ ဝင်ပြိုင်သွားမှာ ဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)