ရခိုင်ပြည်နယ်အတွက် ပေါင် သန်း ၈ဝ ကျော် ဗြိတိန် သုံးစွဲ

ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွက် ၂ဝ၁၅ -၂ဝ၁၆ ခုနှစ်အတွင်း ပေါင်စတာလင် ၈၂ သန်းအထိ သုံးစွဲနေကြောင်း နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Desmond Swayne ကပြောပါတယ်။

ရခိုင်ပြည်နယ်က ရွှေ့ပြောင်းနေထိုင်ရသူ ၁ သိန်း ၂ သောင်း ၆ ထောင်အတွက် စားနပ်ရိက္ခာ၊ သောက်ရေ၊ သန့်ရှင်းရေးနဲ့ အဓိက ဘဝသက်မွေးဝမ်းကြောင်းကိစ္စတွေအတွက် သုံးစွဲနေကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ မိခင်တွေနဲ့ အသက် ၅ နှစ်အောက် ကလေးတွေအတွက် သုံးစွဲခဲ့ကြောင်း၊ ဒါကြောင့် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုအတွက် ၂ဝ၁၂ ခုနှစ်ကစလို့ ပေါင်စတာလင် ၁၈ သန်း ကူညီခဲ့သလို၊ ဒီနှစ်အတွင်း နောက်ထပ် ၆ သန်းကျော် ကူညီခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဘာသာလူမျိုး ပြဿနာဟာ အတော့်ကိုရှုပ်ထွေးသလို အဖြေကိုလွယ်လွယ်နဲ့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဘဝနေထိုင်မှုဟာ လမ်းပိတ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေကြောင်း ထင်ရှားသလို၊ အဲ့ဒီအနေအထားဟာ အဲ့ဒီလူတွေ အန္တရာယ်များတဲ့ လမ်းတွေကနေ တခြားနိုင်ငံတွေကိုသွားဖို့ အကြောင်းတရား ဖြစ်လာတယ်လို့ ဆိုပါတယ်။