မကြာခင်ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့် အစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ကောက်ခံနိုင်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ မကြာသေးခင်က ဖျက်သိမ်းလိုက် ပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့နဲ့ မနေ့က စစ်တွေမြို့မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မကြာခင်ကောက်ခံမယ့် သန်ခေါင်စာရင်း ကောက်ခံရေး စီမံချက်မှာ လူမျိုးအမည်နဲ့ ပတ်သက်ပြီး လွတ်လွတ် လပ်လပ် ထည့်ခွင့်ပြုထားတဲ့ကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ အချက်ဖြစ်ကြောင်း သံအမတ်ကြီးဘက် က ထောက်ပြပြောဆိုမှုတွေရှိခဲ့ပေမဲ့ RNDP ပါတီဟောင်း ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေက ဒီအချက်ကို ငြင်းဆိုခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး တာဝန်ရှိသူတွေက RFA ကို ပြောဆိုပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အနေနဲ့ကတော့ မကြာခင်ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းရေးသားခွင့်မပြုဖို့ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့က သဘောထားကြေငြာချက် ထုတ်ပြန်ပြောဆိုထားသလို ရခိုင်အရေးကိစ္စဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ တစ်သမတ်တည်း တိုင်းတာပြောဆိုလို့မရကြောင်း သံအမတ်ကြီးတွေကို ပြန်လည်ပြောဆို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာမှာ လုံခြုံရေးထားရှိမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။