မြန်မာအပေါ်အရေးယူဖို့ ဗြိတိသျှပါလီမန် နိုင်ငံခြားရေးရာကော်မတီ အစီရင်ခံတင်

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.07.16

ဗြိတိသျှပါလီမန်ရဲ့ နိုင်ငံခြားရေးရာကော်မတီကနေ မြန်မာနိုင်ငံ အကြပ်အတည်းကို ဗြိတိန်အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုများ ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ဇူလိုင်လ ၁၆ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက ဖြစ်ပွားခဲ့တဲ့ အကြပ်အတည်းကို ဗြိတိန်အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအပေါ် လေ့လာသုံးသပ်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို အကြံပြု တိုက်တွန်းထားတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီး ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးထောင်ချတာ၊ အသက်သေတဲ့အထိ နှိပ်စက်တာနဲ့ အစဖျောက် ရှင်းလင်းပစ်တာလို လုပ်ရပ်တွေ လုပ်ခဲ့တဲ့အကြောင်းနဲ့ ဒီလိုအကြပ်အတည်း အခြေအနေအတွက် မြန်ဆန်ပြီး ညီညွတ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

000_96P7G6.jpg
မတ်လအတွင်း ရန်ကုန်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းပစ်ခတ်နေစဉ်။(File Photo: AFP)

အခုလို ဗြိတိန်ပါလီမန်အမတ်တွေ ကိုယ်တိုင်က လေ့လာစုံစမ်းရေးသားပြီး ဗြိတိသျှအစိုးရရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေအပေါ် အကြံပြုထားတဲ့ အစီရင်ခံစာထုတ်ပြန်လိုက်တာ ဖြစ်တဲ့အတွက် ကြိုဆိုကြောင်း ဗြိတိန် အခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း (ယူကေ) က ဦးထွန်းခင်က ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့အရေးလုပ်ဆောင်နေတဲ့ Burma Campaign UK အဖွဲ့က Mark Farmaner က ဗြိတိသျှ ပါလီမန် နိုင်ငံခြားရေးရာကော်မတီကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ပေးတဲ့သဘော ဖြစ်တဲ့အတွက် အလွန်အရေးကြီးတဲ့အကြောင်း ပြောပါတယ်။

“ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဗြိတိသျှအစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေက လုံလောက်မှု မရှိဘူးလို့ သုံးသပ်ထားပါတယ်။ ဒီအထဲမှာ စစ်အစိုးရကို ပိတ်ဆို့အရေးယူမှုတွေ တိုးလုပ်ဖို့နဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ Burma Campaign UK နဲ့ NUG တို့က တိုက်တွန်းထားတာတွေကိုလည်း ထောက်ခံထားပါတယ်။ NUG အစိုးရကိုလည်း government in-waiting လို့ သတ်မှတ်ပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားဖို့လည်း ပြောထားပါတယ်။ NUG ကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် အပြည့်အဝ သတ်မှတ်တာမျိုး မလုပ်သေးပေမယ့်၊ စစ်အစိုးရနေရာမှာ အစားထိုးမယ့်အစိုးရအဖြစ် သတ်မှတ်ပြီး ဆက်ဆံဖို့ ပြောထားပါတယ်။ ဒါ့အပြင် စစ်အစိုးရက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ICC တရားရုံးမှာ ရုံးတင် စစ်ဆေးနိုင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ ပါဝင်ဖို့လည်း ဗြိတိသျှ ပါလီမန်ကို တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်ဟာ ကျူးလွန်သမျှ ရာဇဝတ်မှုတွေအတွက် အရေးယူခြင်း မခံရပဲ ရှိနေတာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့လည်း သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ICC တရားရုံးမှာ စီရင်ခံရမယ် ဆိုတာ သိနေရင် ခုလို အာဏာသိမ်းဖို့ လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်"

အခုအချိန်မှာ မြန်မာနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖိနှိပ်သတ်ဖြတ်မှုတွေအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုတွေကို ခံရပြီး နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။

000_9EY8HH.jpg
ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ အောက်ဆီဂျင်ဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။(Photo: AFP)

ဒီလိုအခြေအနေမှာ ဗြိတိသျှ အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှု အကူအညီပေးတဲ့ အခြေအနေကို ထိခိုက်မလားဆိုတာကိုလည်း Mark Farmaner က အခုလို ပြောပါတယ်။

“အခု ဗြိတိသျှအစိုးရက ချမှတ်ဖို့ တောင်ဆိုထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာနိုင်ငံအပေါ် ပေးအပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီတွေအပေါ် ထိခိုက်မှု မရှိနိုင်ပါဘူး။ တစ်ခုရှိတာကတော့ စစ်အစိုးရကတဆင့် ပေးတဲ့ အကူအညီတွေကို ရပ်တန့်ရမယ်လို့ ပါရှိပါတယ်။ ဒါပေမယ့် လွတ်လပ်တဲ့ NGO အဖွဲ့တွေနဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတွေကနေတဆင့် အကူအညီတွေ ပေးအပ်သွားတာမျိုး ဆက်လုပ်ဖို့ ဗြိတိသျှပါလီမန် နိုင်ငံခြားရေးရာ ကော်မတီက တိုက်တွန်းထားပါတယ်

လက်ရှိ မြန်မာ နိုင်ငံအခြေအနေအတွက် ထိရောက်ခိုင်မာတဲ့ လုပ်ဆောင်မှုတွေ လိုအပ်နေပြီး၊ အတိတ်က ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မရှိခဲ့တဲ့အတွက် ဒီနေ့ အခြေအနေကို ရောက်လာခဲ့တာဖြစ်ကြောင်း၊ အနာဂတ်မှာလဲ ဒီလိုပဲ ဆက်ပြီး အရေးယူတုံ့ပြန်မှုမရှိဘဲ နှောင့်နှေးနေဦးမယ်ဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ အသက်ဆုံးရှုံးမှုတွေ ထပ်ပြီး ကြုံနေရဦးမယ်လို့ အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။