ရှေ့နေ ဦးကိုနီ လုပ်ကြံခံရပြီး ကွယ်လွန်


2017.01.29
koni-620.jpg ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီလလ ၂၉ ရက်နေ့ ညနေက လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ မနေ့ ညနေပိုင်း က ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရပြီး နေရာမှာတင် ကွယ်လွန်သွားခဲ့ပါတယ်။

ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အကြီးတန်း ဦးဆောင်မှု အစီအစဉ်ကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး ခရီးစဉ်ကအပြန် ရန်ကုန်လေဆိပ်မှာ လုပ်ကြခံခဲ့ရတာ ဖြစ်ပါတယ်။

လုပ်ကြံသူဟာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ပုဏ္ဍကုန်းရပ်ကွက် ၃၄ လမ်းနေ အသက် ၅၃ နှစ်အရွယ် ကြည်လင်း ဆိုသူဖြစ်ပြီး၊ ပစ်ခတ်လုပ်ကြံအပြီး ထွက်ပြေးဖို့ကြိုးစားရာမှာ အနီးဝန်းကျင်က တက္ကစီယာဉ်မောင်း သမားတွေ ဝိုင်းဝန်းဖမ်းဆီးကြစဉ်အတွင်း ပစ်ခတ်ခုခံခဲ့လို့ ယာဉ်မောင်း ကိုနေဝင်း ထိမှန်သေဆုံးခဲ့ရပါတယ်။ လုပ်ကြံသူ ကြည်လင်း ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ ဒဏ်ရာနဲ့ ဖမ်းဆီးမိခဲ့ပါတယ်။

လုပ်ကြံသူ ကြည်လင်းဟာ တရုတ်လူမျိုးဖြစ်ပြီး သူ့ထံက ၉ မမ ပစ္စတို တလက်၊ ငါးလုံးပြူးတလက်နဲ့ ကျည်ဆန် ၁၃ တောင့် တွေ့ရှိသိမ်းဆည်းမိခဲ့ပါတယ်။ လုပ်ကြံရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ဦးကိုနီရဲ့ ရုပ်ကလပ်ကို ရေဝေးသုသာန် မွတ်စလင်သချိုၤင်းမှာ ဒီကနေ့ညနေ ၄ နာရီခွဲ သဂြိုဟ်ယ်လို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ အင်းရွာမှာ မွေးဖွားခဲ့ပါတယ်။ ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၇၅ ခုနှစ် ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်ကနေ ဥပဒေ အဓိကနဲ့ B.A ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်မှာ LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။

၁၉၇၅- ၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်း ဒုဥက္ကဋ္ဌ ၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန နည်းပညာဆရာအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာချိန်မှာ အသက် ၆၁ နှစ်ရှိပြီဖြစ်ပြီး၊ ဇနီး ဒေါ်တင်တင်အေး၊ သမီး ဒေါက်တာ ယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်နဲ့ သားငယ် ကိုသန့်ဇင်ဦး တို့ ကျန်ရစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။