စစ်တွေမှာ မိန်းကလေးတစ်ဦး အသတ်ခံရမှု ULA/AA တရားရုံးက သေဒဏ်ချမှတ်

RFA Burmese
2023.02.03
Share on WhatsApp
Share on WhatsApp
စစ်တွေမှာ မိန်းကလေးတစ်ဦး အသတ်ခံရမှု ULA/AA တရားရုံးက သေဒဏ်ချမှတ် ရခိုင်ပြည်နယ် စစ်တွေမြို့ကို တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်း အသတ်ခံရမှုနဲ့ ပတ်သက်လို့ သူ အလုပ်လုပ်ကိုင်ခဲ့တဲ့ Luminous ကုန်ပစ္စည်းဆိုင်က မန်နေဂျာ ဦးမျိုးမြင့်ဇော်ကို အေအေ အဖွဲ့ရဲ့ ULA/AA ဒေသအဆင့် တရားရုံးက ဖေဖော်ဝါရီလ ၃ ရက် ဒီကနေ့မှာပဲ သေဒဏ်အမိန့်ချမှတ် လိုက်တယ်လို့ အေအေ အဖွဲ့ ပြောခွင့်ရ ဦးခိုင်သုခက RFA ကို ပြောပါတယ်။

ပြစ်မှုထင်ရှားတဲ့အတွက် ရာဇသတ်ကြီးပုဒ်မ - ၃၀၂ (၁) (ဂ) အရ သေဒဏ်ချမှတ်လိုက်တာ လို့ ဦးခိုင်သုခက ပြောပါတယ်။

“စစ်တွေမြို့ Luminous ကုန်ပစ္စည်းဆိုင်မှာ အလုပ်ကိုင်နေတဲ့ မနွယ်သန္တာဝင်း သေဆုံး မှုနဲ့ ပတ်သက်လို့ ဒီနေ့မှာ ULA/AA ရဲ့ ဒေသအဆင့် တရားရုံးက အပြီးသတ်အမိန့်ချမှတ် လိုက် တာဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော့ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ (၁) (ဂ) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေဖြစ်ပါတယ်”

အသတ်ခံခဲ့ရတဲ့ မနွယ်သန္တာဝင်းဟာ စစ်တွေမြို့ မှာရှိတဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီရုံး ဘေးက Luminous ကုန်ပစ္စည်းအရောင်းဆိုင်မှာ စာရေးမအဖြစ် လုပ်ကိုင်နေရင် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က ဆိုင်ခန်းထဲမှာ အသတ်ခံခဲ့ရတာပါ။

အခု သေဒဏ်ချမှတ်ခံရတဲ့ မန်နေဂျာ ဦးမျိုးမြင့်ဇော်ဟာ မနွယ်သန္တာဝင်းရဲ့ အလောင်း နားမှာ မျက်မြင်သက်သေ တွေက ပထမဆုံး တွေ့ရှိခဲ့သူဖြစ်ပါတယ်။

အဲဒီသေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီကရော ရက္ခိုင့်တပ်တော် (AA) ကပါ အပြိုင် အဆိုင် ဖမ်းဆီးစစ်ဆေး မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီမှုခင်းနဲ့ ပတ်သက်လို့ မန်နေဂျာ ဦးမျိုးမြင့်ဇော်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးပြီး အချိန် ငါးလအကြာ စစ်ဆေးလို့အပြီးမှာ အခုလို အမိန့်ချမှတ်ခံရတာ ဖြစ်ပါတယ်။

မန်နေဂျာ ဦးမျိုးမြင့်ဇော်ကိုတော့ အေအေ အဖွဲ့ရဲ့ ULA/AA တရားရုံးချုပ်ကို ဥပဒေနဲ့အညီ အယူခံဆက်တက်နိုင်ဖို့ အခွင့်အရေး ပေးထားတယ်လို့လည်း အေအေ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

စစ်ကောင်စီကလည်း အဲဒီဆိုင်အနီးမှာ အလုပ်လုပ်နေသူ အသက် ၁၉ နှစ်အရွယ် မောင်မျိုးချစ်စိုးကို သံသယနဲ့ ဖမ်းဆီးထားပြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မောင်မျိုးချစ်စိုးကတော့ ရုံးတင်စစ်ဆေးချက်အရ အပြစ်မရှိတဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ စစ်တွေမြို့နယ်တရားရုံးကနေ တရားသေလွတ်မြောက် ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ဒီနေ့ သေဒဏ်အမိန့်ချမှတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဦးမျိုးမြင့်ဇော်ရဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) က တရားရုံးတွေဖွင့်လှစ်ပြီး အမှုအခင်းကိစ္စ တွေကို ကိုင်တွယ်ဖြေရှင်း နေပေမယ့် အခုလို အရပ်ဘက်မှုခင်းတစ်ခုအတွက် သေဒဏ် အမိန့်ချမှတ်တာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။