မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ကုလအဆိုပြုလွှာမှာ ရှုတ်ချ

RFA Burmese
2024.08.28
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ကုလအဆိုပြုလွှာမှာ ရှုတ်ချ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက် ချမှတ်ရာတွင် တရုတ်၊ အိန္ဒိယနှင့် ရုရှားကိုယ်စားလှယ်တို့ ကြားနေမဲ ပေးစဉ်။
UN Photo /Eskinder Debebe

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အဆိုပြုလွှာမူကြမ်းမှာ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ရှုတ်ချပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြဖို့ တိုက်တွန်းထားကြောင်း AP သတင်းမှာ သြဂုတ် ၂၈ ရက် ဒီနေ့ဖော်ပြပါတယ်။

ဗြိတိန်က ဦးဆောင်တင်ပြတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တာလာကို စိုးရိမ်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေးကို အဟန့်အတား မရှိ၊ ဘေးကင်းလုံခြုံမှုရှိစွာနဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းထားတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ခွဲခြားဆက်ဆံမှု၊ လူမျိုးရေး လှုံ့ဆော်တဲ့ အကြမ်းဖက်မှု၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမြင့်တက်လာနိုင်တယ်လို့လည်း အဲဒီအဆိုပြုလွှာမူကြမ်းမှာ သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာ့အရေးမှာ အာဆီယံရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကိုလည်း ဖော်ပြထားပြီး အာဆီယံ သံတမန်ကတစ်ဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

ကုလလုံခြုံရေး ကောင်စီအနေနဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းအပေါ် ဆွေးနွေးညှိနှိုင်းမှုက ခက်ခဲနိုင်တယ်လို့ AP သတင်းက ဖော်ပြပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလလုံခြုံရေး ကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံနဲ့ ရထားတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့မဲဆန္ဒကို လေးစားလိုက်နာဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးနဲ့ တာဝန်ခံမှု စံနှုန်းတွေကို လိုက်နာဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ စတဲ့ အချက်တွေလည်း ပါဝင်ခဲ့တာပါ။

လုံခြုံရေးကောင်စီရဲ့ အဲဒီဆုံးဖြတ်ချက်ကို မဲခွဲရာမှာတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ရုရှား၊ တရုတ်နဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့က ထောက်ခံမဲ မပေးဘဲ ကြားနေခဲ့ကြပြီး ကျန်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံအားလုံးက ထောက်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။