စစ်ကောင်စီရဲ့ အင်တာနက် ထိန်းချုပ်မှုအပေါ် အရေးယူဖို့ ကုလသမဂ္ဂအရာရှိတွေ တိုက်တွန်း
မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်အာဏာရှင်စနစ် တည်ဆောက်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ဒီကနေ့ ရှုတ်ချလိုက်ပါတယ်။
အင်တာနက်သုံးစွဲမှုအပေါ် နောက်ထပ် ကန့်သတ်ချက်တွေ ထုတ်ပြန်တာ၊ အင်တာနက်ပိတ်ပင်တာ၊ အွန်လိုင်း ဆင်ဆာဖြတ်တောက်တာ၊ စောင့်ကြည့်တာနဲ့ အင်တာနက်အသုံးပြုမှုအပေါ် တခြားအကန့်အသတ်တွေ လုပ်ပြီး ထိန်းချုပ်မယ့် ဒစ်ဂျယ်တယ်အာဏာရှင်စနစ်ကို ရှုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။
“နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအရ အာမခံချက်ပေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်း အချက်အလက်နဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်လို မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို စနစ်တကျ ငြင်းပယ်ခံနေရတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက နှုတ်ဆိတ်မနေသင့်ဘူး” - လို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ပြောဆိုခဲ့ကြတာပါ။
“စစ်တပ်ရဲ့ သိမ်းကျုံးတိုက်ခိုက်မှုတွေကနေ ဘေးလွတ်အောင် ရှောင်ဖို့ ကြိုးစားနေကြရသူတွေ၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဘေးဆိုးကြားမှာ ကြိုးစားရပ်တည်နေကြရတဲ့ သန်းနဲ့ချီတဲ့သူတွေ အပါအဝင် မြန်မာပြည်သူတွေအတွက် အွန်လိုင်းကနေ သတင်းအချက်အလက် ရရှိရေးဟာ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စတခုလည်း ဖြစ်ပါတယ်။” လို့လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Irene Khan၊ ပုဂ္ဂလိကလွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Ana Brian Nougreres၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Clement Nyaletsossi Voule တို့ကနေ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ပြောဆိုခဲ့တာပါ။
အခြေခံလွတ်လပ်ခွင့်တွေကို အွန်လိုင်းမှာရော တခြားနည်းလမ်းတွေနဲ့ပါ ထိန်းချုပ်နေတဲ့ စစ်ကောင်စီရဲ့ မူဝါဒတွေကို ကုလသမဂ္ဂအဖွဲ့ဝင်တွေက ပြစ်တင်ရှုတ်ချဖို့နဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်တဲ့ နည်းပညာတွေ ရောင်းချတာ၊ ထောက်ပံ့တာတွေကို ကန့်သတ်တာ အပါအဝင် စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာစစ်ကောင်စီဟာ “ဒဂျစ်တယ် အမှောင်ခေတ်” ကိုပြန်သွားဖို့ ကြိုးပမ်းနေတဲ့အပေါ် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့မှာ အင်တာနက် ဖြတ်တောက်တာ၊ လူမှုကွန်ရက်တွေနဲ့ သတင်းဆက်သွယ်မှုတွေကို ကန့်သတ်တာတွေရှိခဲ့ပြီး၊ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်တော်လှန်နေတဲ့ ဒေသတွေမှာ မကြာသေးခင်ကစလို့ အင်တာနက် ဖြတ်တောက်မှုတွေ လုပ်လာတာ တွေ့ရကြောင်းလည်း ကုလသမဂ္ဂကျွမ်းကျင်သူတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။