ကုလကတိကဝတ်တွေနဲ့ ပဋိပက္ခဖြစ်စေမဲ့ကိစ္စတွေမှာ ပတ်သက်မှုမရှိကြောင်း အထူးကိုယ်စားလှယ် တုံ့ပြန်
2025.03.12

ကုလသမဂ္ဂရဲ့ ကတိကဝတ်တွေနဲ့ ပဋိပက္ခဖြစ်စေတဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်ဖူးတာ မရှိကြောင်းနဲ့ ထိတွေ့ဆောင်ရွက်မှာ မဟုတ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) က တုံ့ပြန်လိုက်ပါတယ်။
မစ္စ ဂျူလီဘစ်ရှော့ဟာ တရုတ်နဲ့ ဆက်နွှယ်နေတဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အကျိုးစီးပွား ပဋိပက္ခတွေရှိနိုင်တာကြောင့် စုံစမ်းစစ်ဆေးဖို့ Justice For Myanmar (JFM) က မတ်လ ၉ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တောင်းဆိုထားတာပါ။
ဒါနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းရာမှာ အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် Julie Bishop & Partners (JBP) ကုမ္ပဏီဟာ လုပ်ငန်းဆိုင်ရာ မဟာဗျူဟာဆန်းစစ်အကဲဖြတ် လမ်းညွှန်ပေးတဲ့ ပုဂ္ဂလိက အကြံပေးကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ ဘယ်ကုမ္ပဏီ၊ ဘယ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှ အကြံပေးတာမျိုး မရှိခဲ့ဖူးကြောင်းလည်း ပြန်လည်ဖြေကြားထားပါတယ်။ တစ်ဆက်တည်းမှာပဲ မစ္စဂျူလီဘစ်ရှော့ဟာ ကုလသမဂ္ဂရဲ့ ကျင့်ဝတ်နဲ့ တာဝန်ဝတ္တရားတွေကို အပြည့်အဝလိုက်နာကြောင်းလည်း ပြောထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်ကလည်း အထူးကိုယ်စားလှယ်ဟာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်ဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် ကုလသမဂ္ဂ ပဋိဉာဉ်၊ အဖွဲ့အစည်း စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုက်နာလုပ်ဆောင်ကြောင်း၊ ဒီလိုလုပ်ဆောင်ရာမှာ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေ အပါအဝင် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အမြင့်ဆုံးစံနှုန်းတွေကို ထိန်းသိမ်းလိုက်နာကြောင်း AP သတင်းဌာနကို ဖြေကြားထားပါတယ်။ ဒါ့အပြင် အထူးကိုယ်စားလှယ်ဟာ သူ့ရဲ့ ပြင်ပလှုပ်ရှားဆောင်ရွက်ချက်တွေကို အဖွဲ့အစည်းထံ အသိပေးကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။
JFM ကတော့ ဒီကိစ္စအပေါ်မှာ ကုလသမဂ္ဂအနေနဲ့ သာမန်ကာလျှံကာ ပြေလည်ရာပြေလည်ကြောင်း ကြိုးပမ်းချက်ကို လက်မခံနိုင်ကြောင်း၊ ဂျူလီဘစ်ရှော့ရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ဘက်မလိုက်မှုနဲ့ အမှီအခိုကင်းမှုအပေါ် မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဒီနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဂျူလီဘစ်ရှော့ရဲ့ အကျိုးစီးပွားပဋိပက္ခတွေအပေါ် ပွင့်လင်းမြင်သာပြီး၊ တိကျသေချာတဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထိတွေ့ဆက်ဆံတာတွေအပေါ် သင့်လျော်မှု ရှိ၊ မရှိကို ပြန်လည်စဉ်းစားဖို့လည်း JFM က တိုက်တွန်းထားပါတယ်။
JFM ရဲ့ မတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ Energy Transition Minerals (ETM) အပါအဝင် စီးပွားရေးလုပ်ငန်းတွေမှာ ပတ်သက်ဆက်နွှယ်နေပြီး ETM ကုမ္ပဏီအတွက် မဟာဗျူဟာ အကြံပေးအဖြစ်လည်း ခန့်အပ်ခံထားရတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွှယ်နေတဲ့ ဂရင်းလန်းဒေသမှာရှိတဲ့ ယူရေနီယမ်နဲ့ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းအတွက် အကြံပေးဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ETM ရဲ့ အကျိုးတူစီးပွားရေး ပူးပေါင်းမိတ်ဖက်တွေဟာ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ သတ္တုတူးဖော်ရေးကဏ္ဍမှာ ဂျူလီဘစ်ရှော့ရဲ့ ပါဝင်ပတ်သက်မှု၊ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်နွှယ်မှုတွေဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်ထိန်းလိုက်နာနိုင်မှုနဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှုအပေါ် စိုးရိမ်ဖွယ်ဖြစ်တယ်လို့ JFM က ထောက်ပြထားတာဖြစ်ပါတယ်။