မြန်မာ့ဟိုတယ်ခ ကုလသမဂ္ဂ မတတ်နိုင်
2013.07.02
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ဖွင့်လှစ်ထားတဲ့ ကုလသမဂ္ဂရုံးခန်းတွေ လာမယ့်ဇူလိုင်လမှာ ထွက်ခွာရတော့မယ်လို့ သိရပါတယ်။
ခရီးသွားတွေ များပြားလာတာနဲ့အမျှ ဟိုတယ်ခတွေ မြင့်တက်လာတာကြောင့် ကုန်သည်ကြီးများဟိုတယ်မှာ ဆက်လက်မနေနိုင်တော့ဘဲ ထွက်ခွာရမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ပြောခွင့်ရသူ ဦးအေးဝင်းက ပြောဆိုကြောင်း Bloomberg သတင်းက ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးရဲ့ တပြည်လုံး စုစုပေါင်းဝန်ထမ်း နှစ်ထောင်လောက်ရဲ့ ၁ဝ ရာနှုန်းဟာ ကုန်သည်ကြီးများဟိုတယ်မှာ ရှိနေတာပါ။
ကုလသမဂ္ဂဟာ ကုန်သည်ကြီးများဟိုတယ်နဲ့ ၂ဝ၁၂ ခုနှစ် သြဂုတ်လက နောက်ဆုံးစာချုပ်ချုပ်ခဲ့တာပါ။
အခုအခါ ဟိုတယ်ငှားရမ်းခဟာ တစ်ပေပတ်လည်ကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာခွဲကနေ ငါးဒေါ်လာထိ မြင့်တက်သွားတဲ့အတွက် ဆက်လက်မငှားရမ်းနိုင်တော့ကြောင်း သိရပါတယ်။
ကုန်သည်ကြီးများဟိုတယ်မှာပဲ ရုံခန်းဖွင့်ထားတဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( ILO ) ကတော့ နေရာရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း ဦးအေးဝင်းက ပြောပါတယ်။