မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး တံခါးပိတ် စည်းဝေးပွဲတစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီ စည်းဝေးပွဲမှာ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဆိုးရွားလှတဲ့အခြေအနေတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Zeid Ra'ad Al Hussein က လုံခြုံရေးကောင်စီဝင်တွေကို တင်ပြခဲ့တယ်လို့ အမည်မဖေါ်လိုသူ အတွင်းသိ သံအရာရှိတွေက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေဟာ လူကုန်ကူးဂိုဏ်းတွေရဲ့ မတရားလုပ်ရပ်တွေကြောင့် ပင်လယ်ပြင်မှာ ရာနဲ့ချီပြီး သေဆုံးနေကြရတယ်၊ ပြဿနာအရင်းအမြစ်ကို ဖွေရှာပြီး တစ်ခုခုအရေးယူဆောင်ရွက်ပေးဖို့လိုနေပြီလို့ ညွှန်ကြားရေးမှူးချုပ် Al Hussein က ပြောသွားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Powers ကလည်း လုံခြုံရေးကောင်စီမှာ ဒီကိစ္စဟာ ပထမဆုံးအကြိမ် သမိုင်းဝင်သွားတယ်လို့ သူ့ရဲ့တွစ်တာ လူမှုစာမျက်နှာမှာ ရေးသားဖေါ်ပြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက လူ့အခွင့်အရေး ချိုးဖေါက်မှုကိစ္စတွေကို ဒီကောင်စီမှာ တင်ပြဆွေးနွေးရမှာမဟုတ်ဘဲ ဆွစ်ဇာလန်နိုင်ငံက ကုလ - လူ့အခွင့်အရေးကောင်စီမှာ တင်ပြရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး၊ တရုတ်ကိုယ်စားလှယ်ကတော့ ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်၊ ဒါပေမဲ့ ဒီပြဿနာအတွက် စိတ်မအေးဘူးလို့ ပြောသွားပါတယ်။
တခြားသံအရာရှိတစ်ဦးကလည်း အခုစည်းဝေးပွဲကနေရလဒ် အဖြေတစ်ခုခုထွက်လာဖို့ မျှော်လင့်မထားဘူးလို့ ပြောပါတယ်။