မြန်မာနိုင်ငံကို အချိန်မနှောင်းခင် နိုင်ငံတကာက အမြန်ဆုံး ဝင်ရောက်ကူညီဖို့ တောင်းဆို

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.07.29

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ ကပ်ရောဂါ အကျပ်အတည်းအခြေအနေတွေနဲ့ ပက်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ Arria meeting အလွတ်သဘောဆွေးနွေးပွဲ တစ်ခုကို မနေ့က ကျင်းပခဲ့ရာမှာ၊ စစ်တပ်က အာဏာသိမ်းထားတာ ၆လ ကြာခဲ့ပြီ ဖြစ်ပေမယ် မြန်မာနိုင်ငံမှာ အဖက်ဖက်က ယိုယွင်းကျဆင်းနေတဲ့ အခြေအနေတွေ အပြောင်းအလဲ မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ဒီအစည်းအဝေးကို တက်ရောက်လာသူတွေက ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

မနေ့က ဇူလိုင် ၂၉ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြုလုပ်တဲ့ Arria meeting အလွတ်သဘောဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒေါ်စူဇန်နာလှလှစိုး၊ ကချင်ကြားဖြတ်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်အဖွဲ့ (Kachin Political Interim Coordination Team- KPICT) က အထွေထွေအတွင်းရေးမှူး ဂွမ်ဆန်းအဲန်းတို့က တက်ရောက် စကားပြောခဲ့ကြပါတယ်။

အခုလို လုံခြုံရေးကောင်စီညီလာခံမှာ NUG အစိုးရတာဝန်ရှိသူတစ်ဦး တက်ရောက်ခဲ့တာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ကျင်းပတဲ့ လုံခြုံရေး ကောင်စီ ညီလာခံမှာလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်စကားပြောခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ကိုဗစ်ကပ်ရောဂါတွေကြောင့် ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးနေရတာ ရပ်တန်းက ရပ်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းက လုပ်လို့ ရမျှ လုပ်ပေးဖို့ လိုအပ်တဲ့အကြောင်း၊ မြန်မာ ပြည်သူတွေအတွက်ရော၊ အိမ်နီးချင်းနိုင်ငံတွေအတွက်ပါ တည်ငြိမ်မှု ရရှိစေဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရဖို့အတွက် နိုင်ငံတကာရဲ့ ဦးဆောင်မှုနဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို အရေးတကြီး လိုအပ်နေပါတယ်လို့ နော်စူဇန်နာ လှလှစိုးက ပြောသွားပါတယ်။

226614278_10160202798535864_1747426071163739551_n.jpg
ဇူလိုင် ၂၉ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြုလုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဒေါ်စူဇန်နာလှလှစိုး။

ကချင် နိုင်ငံရေးပူးပေါင်းဆောင်ရွက်အဖွဲ့ (ကေပက်) (KPICT) က ဦးဂွမ်ဆန်းအန် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် တရုတ်၊ အာဆီယံနဲ့ အခြား အဓိကသက်ဆိုင်သူတွေနဲ့အတူ အရေးပေါ် အစည်းအဝေးကျင်းပပြီး၊ မြန်မာ ပြည်သူတွေကို တိုက်ရိုက် ကာကွယ်ဆေး ထိုးနှံပေးမယ့် နိုင်ငံတကာကျန်းမာရေးအဖွဲ့တွေ စေလွှတ်ပေးဖို့၊ နယ်စပ်ဖြတ်ကျော် ကပ်ရောဂါ ကာကွယ်ရေး အကူအညီတွေပေးဖို့ နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုသွားပါတယ်။

"ပြည်သူတွေရဲ့ အရေးတော်ပုံအောင်မြင်ဖို့အတွက် အတူပူးပေါင်း ပါဝင်ဖို့ တပ်မတော်သားတွေကိုလည်း သူက တိုက်တွန်းသွားပါတယ်"

ဒါ့အပြင် ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် အဓိကအခက်အခဲက ပြည်သူတွေဟာ အာဏာသိမ်း စစ်ကောင်စီအပေါ် အယုံအကြည်မရှိတာဖြစ်ပြီး၊ ပြည်သူတွေဟာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ဆေးရုံဆေးခန်းတွေမှာ ကုသမှုခံယူမယ့်အစား ရောဂါကြောင့် အသက်အသေခံနေကြတာတွေ့ရကြောင်း၊ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ ဆိုရင် တိုင်းရင်းသား အဖွဲ့တွေဟာ တရုတ်အစိုးရရဲ့ အကူအညီနဲ့ ဒေသခံတွေကို ထိထိရောက်ရောက် ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်တာကို တွေ့နိုင်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ၊ NUG အစိုးရ၊ CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားမှာ တိကျခိုင်မာတဲ့ ကတိကဝတ်မရှိပဲ၊ အားလုံး အပစ်ရပ်ကြဖို့ တောင်းဆိုနေတာဟာ လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ပိုခက်ခဲစေကြောင်း နဲ့ လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံကို စီမံအုပ်ချုပ်ဖို့ ဝေးလို့၊ မြန်မာနိုင်ငံ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အစွမ်းအစကော၊ စိတ်ဆန္ဒပါ မရှိတော့တာ တွေ့နေရတဲ့အတွက် အရင်အခြေအနေကို ပြန်ရောက်မခံပဲ၊ အာဏာရှင်စနစ်ကို လုံးဝအဆုံးသတ်ဖို့ ဆက်လက် လုပ်ဆောင်သင့်ကြောင်း သူက ပြောသွားပါတယ်။ ပြည်သူတွေရဲ့ အရေးတော်ပုံအောင်မြင်ဖို့အတွက် အတူပူးပေါင်း ပါဝင်ဖို့ တပ်မတော်သားတွေကိုလည်း သူက တိုက်တွန်းသွားပါတယ်။

အဲဒီနောက်မှာတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံတွေက ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အမြင်တွေကို ဆွေးနွေးတင်ပြခဲ့ကြပြီး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ အကြပ်အတည်းအခြေအနေနဲ့ နိုင်ငံတကာက ဝင်ရောက်ကူညီဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှု အခြေအနေတွေကို တင်ပြသွားပါတယ်။

police.jpg
၂ဝ၂၁ မေလလယ်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: AFP)

လက်ရှိမြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ Crime against humanity ဖြစ်မြောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ရပေမယ့်၊ မြန်မာနိုင်ငံရဲ့ အခြေအနေကို အာဆီယံနဲ့ နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားရာမှာ တိုးတက်မှု မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် အသက်လုနေရတဲ့ လူနာတွေ အသက်ဆက်နိုင်ဖို့ အောက်စီဂျင်ရဖို့ ရှည်လျှားလှတဲ့ လူတန်းကြီးအကြားမှာ တန်းစီနေရတာတွေ၊ သေဆုံးသူတွေ အလွန်များပြားတဲ့အတွက် မီးသဂြိုဟ် စက်တွေ မနိုင်မနင်းဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ရင် မြန်မာပြည်သူတွေကို နိုင်ငံတကာက ပစ်ပယ်မထားကြဘဲ အချိန်မနှောင်းခင်မှာ နိုင်ငံတကာကနေ အမြန်ဆုံး ဝင်ရောက်ဖြေရှင်းပေးဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။