မြန်မာ့အရေး အလေးအနက်ဖြေရှင်းဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သတိပေး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ အရေးကို နိုင်ငံတကာက စုပေါင်းတုံ့ပြန်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာ (Noeleen Heyzer) က သတိပေးလိုက် ပါတယ်။

"ဒေသတွင်းက ညီညွတ်မှုကို အခြေခံပြီး နိုင်ငံတကာရဲ့ စုပေါင်းတုံ့ပြန်မှု အရေးတကြီး လိုအပ်နေပါတယ်။ ပကတိ ကြုံတွေ့နေရတာတွေကို တုံ့ပြန်ဖို့နဲ့ အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေတွေ တိုးလာနေတာကြောင့် မြန်မာပြည်သူတွေအတွက် ကျမတို့ရဲ့ ညီညွတ်တဲ့ အားပေးကူညီမှုတွေ လိုအပ်နေပါတယ်" လို့ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ညီလာခံ (Shangri-La Dialogue) မှာ စနေနေ့က ပြောဆိုခဲ့တာပါ။

အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ တိုးလာနေတာတွေကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်ကိုပါ ကျော်လွန် ရိုက်ခတ်လာနေပြီလို့လည်း သတိပေးခဲ့ပါတယ်။

"ဥပဒေမဲ့ စီးပွားရေးလုပ်ငန်းတွေ အားကောင်းလာနေပြီး ဒေသတွင်းအထိ ပျံ့နှံ့လာနေသလို မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုတွေ၊ လူမှောင်ခိုလုပ်ငန်းတွေ၊ သစ်တင်ပို့မှုနဲ့ တခြားတရားမဝင် လုပ်ငန်းတွေဟာလည်း စံချိန်တင် များပြားလာနေပါတယ်" လို့လည်း မြန်မာ့အရေး ရှေ့ဆက်နိုင်မယ့် နည်းလမ်းရှာဖို့ "Myanmar: Finding a Way Forward" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့တာပါ။

စနေနေ့က မြန်မာ့အရေးဆွေးနွေးပွဲမှာတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အပြင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Pornpimol Kanchanalak၊ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံအရာရှိ တို့ကတော့ မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးဖို့ အာဆီယံချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေး ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံခြားရေးဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကတော့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံပြီး ဖိအားပေးတာတွေကို ရှောင်ဖို့ သဘောထားမျိုး ပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေဖြေရှင်းနိုင်ရေး အာဆီယံနိုင်ငံတွေကြား ဧပြီလ ၂၁ ရက်နေ့မှာ သဘောတူညီခဲ့ကြတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ -
၁။ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူတွေဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊
၂။ သက်ဆိုင်သူတွေ အချင်းချင်းကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့၊
၃။ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကနေ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီကိုယူပြီး တွေ့ဆုံဆွေးနွေးနိုင်အောင် ညှိနှိုင်းပေးဖို့၊
၄။ အာဆီယံရဲ့လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီ တွေ ပေးအပ်သွားဖို့၊
၅။ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုသွားရောက်ပြီး သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံဖို့ - ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်တွေ ဆုံးရှုံးခဲ့ရသူ ထက်ဝက်ကျော် အပါအဝင် မေလ ၂၆ ရက်နေ့အထိ စာရင်းအရ နေရပ်စွန့်ခွာရသူ ၁ သန်းကျော် ရှိနေကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ လူပေါင်း ၄ဝ,၂ဝဝ ကျော်ဟာလည်း အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးခဲ့ရပြီး နေအိမ်၊ ဘာသာရေးအဆောက်အအုံနဲ့ စာသင်ကျောင်း စုစုပေါင်း ၁၂,၇ဝဝ ဖျက်ဆီးခံခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ ဇွန်လ ၁၃ ရက် တနင်္လာနေ့ကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံ တင်ပြဖို့လည်း စီစဉ်ထားပါတယ်။