မြန်မာ့အရေး မဲခွဲဆုံးဖြတ်မယ့် ကုလအစည်းအဝေး


2018.11.15
un-third-committee-622 ၂ဝ၁၈ နိုဝင်ဘာလ ၂ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပစဉ်။
(UN Photo/Loey Felipe)

ဒီကနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးကြမယ့် တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံကိစ္စ နောက်ဆုံးအဆင့် မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ရှုတ်ချထားတဲ့ အဆိုပြုချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။
~~~~~~~~~~

မြန်မာ့အရေး မဲခွဲဆုံးဖြတ်မယ့် ကုလအစည်းအဝေး
(နန္ဒာချမ်း)


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး၊ ခွဲခြားဆက်ဆံမှုတွေအဆုံးသတ်ဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးရေး တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းကို ဒီကနေ့ ကြာသပတေးနေ့မှာ နောက်ဆုံးအဆင့် မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးအကဲခတ်တွေကတော့ မြန်မာဘက်က ရှုံးနိမ့်နိုင်တယ်လို့ သုံးသပ်နေကြတာပါ။ နိုဝင်ဘာလ ၁၃ ရက်နေ့က ဒီဆုံးဖြတ်ချက်မူကြမ်းအပေါ် အကြိုမဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၁၁၁ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၆၅ မဲနဲ့ အတည်ပြုခဲ့ပါတယ်။

အကြိုမဲခွဲဆုံးဖြတ်မှုမှာ တရုတ်နိုင်ငံက ထောက်ခံမဲပေးခဲ့တာကို တွေ့ရပြီး ဂျပန်၊ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါအပါအဝင် ဥရောပနိုင်ငံအတော်များများက ကြားနေမဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ တတိယကော်မတီအစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေအပြင် သေဒဏ်ပယ်ဖျက်တဲ့ အဆိုပြုချက်မူကြမ်းနဲ့ ကြေးစားစစ်သားအသုံးပြုမှု အဆိုပြုချက်မူကြမ်းတွေလည်း မဲခွဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ်သံမှူးကြီး ဦးရဲမင်းသိန်းကတော့... ဒီသုံးချက်စလုံးကို ကန့်ကွက်ကြောင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံအပေါ် အဆိုပြုချက်တွေမှာ ဘက်လိုက်ပြီး တဘက်သတ် တင်ပြချက်တွေ ပါဝင်နေတဲ့အတွက် ၃ ချက်စလုံးကို ကန့်ကွက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ကန့်ကွက်မဲ ပေးခဲ့တာဖြစ်ပါတယ်။ အမှတ် ၅၆ အဆိုပြုချက်မူကြမ်းကို မြန်မာနိုင်ငံက ကန့်ကွက်တဲ့အကြောင်း အစည်းအဝေးမှတ်တမ်း တင်လိုပါတယ်”

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ တချို့နိုင်ငံတွေရဲ့ ကြိုးကိုင်ချယ်လှယ်တာကို ခံနေရတယ် လို့လည်း မြန်မာသံမှူးကြီး ဦးရဲမင်းသိန်းက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အဆိုပြုချက် မူကြမ်းမှာ ထည့်သွင်းထားတဲ့ အချက် ၃ ချက်မှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်နေပြီး၊ သမာသမတ်ကျမှုနဲ့ တရားမျှတမှုလည်း မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကို ဝင်ရောက် စွက်ဖက်ရာရောက်သလို၊ အဆိုပြုချက် မူကြမ်းတိုင်းမှာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုကို လည်း မတွေ့ခဲ့ရပါဘူး”

အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးမင်းလွင်ဦးကတော့… ကုလသမဂ္ဂရဲ့ အဆိုပြုချက်တိုင်းမှာ အရေးယူဆောင်ရွက်ချက် မပါတဲ့အတွက် ထိရောက်မှုတော့ မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“UN resolution တွေ ဆုံးဖြတ်တိုင်း ဆုံးဖြတ်တိုင်းမှာ စည်းနှောင်အားရှိတယ် - မရှိဘူးဆိုတာက အဓိက ကျပါတယ်။ အဲတော့ ကျနော်တို့ ၈၈ နောက်ပိုင်း ကျောင်းသားကိစ္စရပ်တွေ ဖြစ်တဲ့အခါမှာ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ ၁၉၈၈ နောက်ပိုင်းတွေမှာ စစ်တပ်က ကျူးလွန်တဲ့ ထိုးစစ်တွေအပေါ် resolution တွေကတော့ ချတာပဲဗျ UN က။ ဒါပေမဲ့ စည်းနှောင်အား မရှိတဲ့အခါကျတော့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လို့ မရတာတွေ၊ တွေ့ရတယ်။ စည်းနှောင်တဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်တဲ့အခါကျတော့ ဒီဥစ္စာက ထိရောက်မှု မရှိဘူး။ အဲတော့ ကျနော်တို့က ဒီဆုံးဖြတ်ချက်ကို စိုးရိမ်လားဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံ အတွက် ချတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ စိုးရိမ်မှုတော့ မရှိဘူး”

အခုဆုံးဖြတ်ချက်မူကြမ်းကို နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ EU ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအဆိုပြုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။