စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ ကုလကို ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို
2024.11.08
မြန်မာရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အုပ်စုအနေနဲ့ ပြစ်ဒဏ်က ကင်းလွတ်နေတာ ဆယ်စုနှစ်များစွာ ရှိလာနေပြီဖြစ်တာကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတွက် စစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုဝင်ဘာ ၇ ရက် ကြာသာပတေးနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာ နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ အခုလို တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမူအကျပ်အတည်းတွေ ဆိုးရွားစွာမြင့်တက်လာခဲ့တာကို လုံခြုံရေးကောင်စီအစီရင်ခံစာမှာ ဖော်ပြထားကြောင်း၊ ပြီးခဲ့တဲ့ ၄၅ လ ကာလတာအတွင်း စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းကနေ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား-မ အခြေပြုအကြမ်းဖက်ခြင်း၊ လူသားချင်းစာနာမှု အကူအညီတွေကို တားဆီးခြင်း၊ လူငယ်တွေကို အတင်းအကျပ် တပ်သားစုဆောင်းခြင်းနဲ့ ကျေးရွာတွေကို မီးရှို့တာတွေအထိ အကြမ်းဖက်မှုတွေ တိုးချဲ့လုပ်ဆောင်လာခဲ့ကြောင်းနဲ့ ပြည်သူတွေ ဒုက္ခဆင်းရဲတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးကြရကြောင်း ဦးကျော်မိုးထွန်းက အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝန်း၊ အထူးသဖြင့် ကုလအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီတို့ အနေနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသာမက မြန်မာပြည်သူတွေကိုလည်း ကာကွယ်စောင့်ရှောက်တာတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တွေ ကယ်တင်ရေးအတွက် ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီထံ လက်နက်၊ ခဲယမ်းနဲ့ လေယာဉ်ဆီ၊ ငွေကြေး စတဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ပေးဖို့တွေကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ပါတယ်။