မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း ကုလမှာ အမေရိကန်သမ္မတပြောကြား

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.09.21
မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း ကုလမှာ အမေရိကန်သမ္မတပြောကြား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှာ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မိန့်ခွန်းပြောစဥ်။
Photo: RFA

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ညီလာခံမှာ စက်တင်ဘာလ ၂၁ ရက် ဒီကနေ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မိန့်ခွန်းပြောခဲ့ပါတယ်။

သမ္မတ ဘိုင်ဒင်ရဲ့ မိနစ် ၃ဝ ကြာ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စနဲ့ ပတ်သက်လို့လည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

" မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေပါတယ်။ အာဖဂ္ဂန်နိုင်ငံမှာဆိုရင်လည်း တာလီဘန်တွေက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ချိုးနှိမ်နေပါတယ်။ ဒီနေ့ ကျနော်ပြောချင်တာက လူတစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့်တွေအတွက် ရဲရဲရင့်ရင့် ဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေနဲ့ ကျနော်ရပ်တည်ပါတယ်။ အီရန်နိုင်ငံက အမျိုးသမီးတွေနဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်။ ကျွန်တော်သိတဲ့အတိုင်း ပြောရမယ်ဆိုရင် တိုင်းပြည်အတွင်းက ပြည်သူတွေရဲ့ အရည်အချင်းနဲ့စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချတတ်တဲ့ နိုင်ငံတွေကသာ အနာဂတ်ကို ပိုင်ဆိုင်မှာဖြစ်ပါတယ်"

ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ခွင့်မပြုနိုင်ဘူးလို့လည်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။

WW3A1438.JPG
လစ်လပ်နေသည့် မြန်မာကိုယ်စားလှယ်နေရာ (Photo - RFA)

"ကမ္ဘာကြီး နောက်ပြန်လှည့်မယ့် ဖြစ်ရပ်မျိုးကို ခွင့်မပြုနိုင်ပါဘူး။ ဒီနည်းတူပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း မျက်စိမှိတ်ထားလို့မရပါဘူး။ ၁၉၄၈ ခုနှစ်မှာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ တိတိကျကျပြောဆိုထားပြီးဖြစ်ပါတယ်။ ဒီနေ့ ၂ဝ၂၂ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ ခြိမ်းခြောက်ခံနေရပါတယ်"

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မိနစ်သုံးဆယ်ကြာ မိန့်ခွန်းထဲမှာ ယူကရိန်းနိုင်ငံကို စစ်ထိုးခဲ့တဲ့ ရုရှားကို ရှုတ်ချကြောင်း အဓိကထားပြောဆိုသွားတာ ဖြစ်ပါတယ်။

လူနည်းစု ဘာသာဝင်တွေ၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအနေနဲ့လည်း လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ နေခွင့်ရရမယ်ဖြစ်သလို၊ နိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ ကိုယ့်နိုင်ငံ အစိုးရတွေကို အကြောက်တရားကင်းကင်းနဲ့ မေးခွန်းထုတ် ဝေဖန်နိုင်ရမယ်လို့လည်း သမ္မတ ဘိုင်ဒင်က ပြောခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ကမ္ဘာတစ်ဝန်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကာကွယ်ပေးရမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ နေ့တိုင်းရှိနေပြီး ထောင်နဲ့ချီတဲ့သူတွေ သတ်ဖြတ်ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

မြန်မာစစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖော်ထုတ်ရေးမှာ အသုံးပြုဖို့ အမေရိကန်အစိုးရကနေ ဒေါ်လာ တစ်သန်း ဒီကနေ့မှာပဲ ထောက်ပံ့ပေးခဲ့ပါတယ်။

large.jpg

မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် သက်သေအထောက်အထားတွေ ရှာဖွေနေတဲ့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးအဖွဲ့ဟာလည်း ဒီကနေ့မှာပဲ အမေရိကန်အစိုးရအကြံပေးပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ရှိနေပါတယ်။

အမေရိကန်ဘက်က အကူအညီတွေ အခုထက်မက ပိုပေးဖို့ တောင်းဆိုတင်ပြသွားဖို့ ရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

အခုကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက် ညီလာခံ၊ နိုင်ငံခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် မိန့်ခွန်းပြောတဲ့ အခမ်းအနားကို မြန်မာနိုင်ငံက ဘယ်သူမှ တက်ရောက်တာ မတွေ့သလို နိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောဆိုခွင့်လည်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။