တိုက်ပွဲမရပ်ရင် မြောက်ဦး ယူနက်စကိုစာရင်းဝင်မလား


2019.10.14
mrauku-pagoda-622.jpg ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုဒေသက ရှေးဟောင်းဘုရားပုထိုးတွေကို တွေ့ရစဉ်
Photo: RFA

မြောက်ဦးက ရှေးဟောင်းမွေအနှစ်တွေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ဖို့ အဆိုပြုမူကြမ်း တင်သွင်းပြီး ဖြစ်လို့ UNESCO တာဝန်ရှိသူတွေက ၂၀၂၀ သြဂုတ်လမှာ မြောက်ဦးကို လာရောက်ပြီး ရှေးဟောင်းအမွေအနှစ် စေတီပုထိုးတွေနဲ့ အဆောက်အဦတွေကို စစ်ဆေးမှာဖြစ်သလို ဒေသခံတွေ၊ ရဟန်းသံဃာတွေ၊ ပညာရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်။

အဲဒီတရားဝင် လာရောက်စစ်ဆေးမှုမတိုင်ခင်မှာ သူတို့ တာဝန်ပေးသူတချို့ဟာ ခရီးသွားအနေနဲ့ လာရောက် စစ်ဆေးဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ မြောက်ဦးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့အတွက် ကြိုးစားထား သမျှ အလကားဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းမဝင်မှာ စိုးရိမ်နေတယ်လို့ မြောက်ဦးအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက RFA ကို ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်နေရင်တော့ ဘယ်လိုဖြစ်ကြမလဲမသိဘူး၊ ဒါကတော့ အစိုးရအပိုင်းက ဆောင်ရွက်ချက် ဖြစ်တော့လေ ဟုတ်ကဲ့ ကျွန်မအနေနဲ့ ပြောရတာခက်ခဲပါတယ်၊ စိုးရိမ်တာပေါ့ ကျွန်မတို့က ဒီလိုသာ တိုက်ပွဲတွေဖြစ်နေပြီးတော့မှ ယူနက်စကိုက လက်မခံဘူးဆိုရင်တော့ ကျွန်မတို့ဘက်က ဆောက်ရွက်ခဲ့သမျှ အလကားဖြစ်သွားမှာပေါ့နော်၊ ဆိုတော့ ကျွန်မတို့ကတော့ ဒီတိုက်ပွဲတွေကိုလည်း မဖြစ်စေချင်တော့ပါဘူးရှင့် ဟုတ်ကဲ့"

နှစ်ဆန်းပိုင်းမှာ မြောက်ဦး ရှေးဟောင်းနယ်မြေထဲ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့လို့ ရှေးဟောင်းဘုရားအချို့နဲ့ အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တာကြောင့် အခုလိုစိုးရိမ်နေတာပါ။

နိုင်ငံတော်အစိုးရအနေနဲ့လည်း မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက်  UNESCO အရာရှိတွေ၊ အတွေ့အကြုံရှိတဲ့ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို တရုတ်၊ အီတလီနိုင်ငံ တို့ကလည်း နည်းပညာနဲ့ ပစ္စည်းအထောက်အပံ့တွေ ကူညီပေးနေတယ်လို့ သမ္မတရုံးက ကြေညာထားပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေ မဖြစ်အောင်လည်း နှစ်ဖက်ညှိနှိုင်းမှုတွေကို အစိုးရက လုပ်ဆောင်နေသလို လက်နက်ကိုင် ထားတဲ့ နှစ်ဘက် အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသတွင်း ယဉ်ကျေးမှုအမွေအနှစ် မထိခိုက်အောင် ဆောက်ရွက်ဖို့ မေတ္တာရပ်ခံတယ်လို့ ရှေးဟောင်းသုတေသနရုံး ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် RFA ကို ပြောဆိုထားပါတယ်။

"နှစ်ဘက်ညှိနှိုင်းမှုလုပ်ငန်းတွေလည်း အများကြီး ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒါယဉ်ကျေးမှုအမွေအနှစ် ကို မထိခိုက်အောင် ဆောင်ရွက်ကြဖို့ရာအတွက်ကို လူကြီးတွေအားလုံး ကြိုးစားနေကြပါတယ်၊ ဒါဒီနေရာမှာ နှစ်ဘက်ဆိုပေမယ့်လည်း နှစ်ဘက်စလုံးက တိုင်းရင်းသားတွေ ပါ၊ ဒီတိုင်းရင်းသားတွေ နှစ်ဘက်စလုံးကလည်း ဒီယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်၊ အကြောင်းကြောင်းအမျိုးမျိုးကြောင့်မလို့ သဘောထားမတိုက်ဆိုင်လို့ ခေတ္တခဏဖြစ်နေကြတဲ့သဘောလို့ပဲ ကျွန်တော့အနေနဲ့မြင်ပါတယ်၊ ဒီလိုဖြစ်တဲ့အခါမှာ ဒီယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း ကျွန်တော်တို့ဒီ နှစ်ဘက်စလုံးရော ဒီနိုင်ငံသားတိုင်း ဒါဝိုင်းဝန်း ထိန်းသိမ်း ရမယ့် တာဝန်အားလုံးရှိပါတယ်၊ ဒါကြောင့်မလို့ အားလုံးမှာ တာဝန်ရှိတဲ့အတွက် ဒါသူတို့ ဒီအပေါ်မှာလည်း ချစ်မြတ်နိုးကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ထင်ပါတယ်၊ ခုနပြောသလို သဘောထားချင်း မတိုက်ဆိုင်လို့ ရန်ဖြစ်တဲ့ဟာကို ဒီယဉ်ကျေးမှုအမွအနှစ်ကို မထိနိုင်အောင် ဆောင်ရွက်နိုင်ကြပါစေလို့ပဲ ကျွန်တော့အနေနဲ့ မေတ္တာရပ်ခံ ဆုတောင်းချင်ပါတယ်"

UNESCO အမွေအနှစ်စာရင်း ဝင်ရေးအတွက် တိုက်ပွဲတွေ မရှိဖို့နဲ့ မလွှဲရှောင်သာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရင်လည်း ရှေးဟောင်းအမွေအနှစ်ကို မထိခိုက်ဖို့ အဓိကလိုတဲ့အတွက် တပ်မတော်နဲ့ AA ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီကနေ့ညနေအထိ ဆက်သွယ်လို့မရပါဘူး။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဒေသတည်ငြိမ်ရေးအတွက် AA အဖွဲ့ရှိနေသမျှ တိုက်ခိုက်မှုတွေ ဆက်ရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

ကျွန်တော်တို့ကတော့ ကျွန်တော်တို့အလုပ်အတိုင်းပဲ ဆက်လုပ်မှာပဲ၊ သူ့ဟာသူ ဝင်တာမဝင်တာ ကျွန်တော်တို့မသိဘူး

"ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အလုပ်ကိုက ဟုတ်လား ဒီဘက်မှာ တည်ငြိမ်အေးချမ်းရေး ဒေသဖွံ့ဖြိုးရေး၊ ဟုတ်တယ် မလား ပြီးလို့ရှိရင် တရားဥပဒေစိုးမိုးရေး အတွက်ကတော့ ဒါ ကျွန်တော်တို့ရဲ့ အဓိကအလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ AA ရှိနေသရွေ့ကတော့ ဒါကတော့ လုပ်နေမှာပဲ၊ AA ရှိနေသရွေ့ ကတော့ ကျွန်တော်တို့ကဟုတ်လား AA က မြောက်ဦးမြို့ကြီး မှာ ရှိနေပြီးတော့မှ ကျွန်တော်တို့က ဒီကောင်တွေကို ရှင်းမထုတ်ဘူးဆိုရင် တွက်ကြည့်လေ ကျွန်တော်တို့ကို ဘယ်လို ဘယ်အပေါက်မျိုးချိုးသွားမလဲ စဉ်းစားကြည့်လေ၊ ဟုတ်တယ်မလား၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့အလုပ်အတိုင်းပဲ ဆက်လုပ်မှာပဲ၊ သူ့ဟာသူ ဝင်တာမဝင်တာ ကျွန်တော်တို့မသိဘူး၊ ကျွန်တော်တို့ကတော့ ဒေသတည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး နိုင်ငံတော်ရဲ့အုပ်ချုပ်မှုယန္တရား အဲဒါတွေကိုတော့ ဘယ်သူမှလာမဖျက်ဆီးနဲ့ လာဖျက်ဆီးတဲ့သူရှိလို့ကတော့ ချမှာပဲ"

ရခိုင်ပြည်နယ်လွှတ်တော်ကလည်း မြောက်ဦးဒေသ  တိုက်ပွဲမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ပေးဖို့ မေလ ၆ ရက်နေ့  လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

လက်ရှိ အဆိုပြုစာတွဲ မူကြမ်း တင်သွင်းထားပြီးဖြစ်လို့ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ လိုအပ်တဲ့ အချက်အလက် ဖြည့်စွက်မှုတွေကို ထပ်မံ လုပ်ဆောင်ရဦးမှာဖြစ်ပြီး ဒေသခံတွေအတွက် အသိပညာပေး လုပ်ငန်းတွေ ဆက်လုပ်ဖို့ လည်း ရှိနေတယ်လို့ မြောက်ဦးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောပါတယ်။

"ကျွန်မတို့ awareness(အသိပညာ)ပေးဖို့တော့ အစီအစဉ်ရှိပါတယ်ရှင့်၊  ဟုတ်ကဲ့၊ ကျွန်မတို့တွေ လစဉ်ဘယ်လို ပေးမယ် ဘယ်လိုလုပ်မယ်ဆိုတာ အစီအစဉ်တွေ  ကျွန်မတို့ရေးဆွဲနေကြတယ်၊ ကျွန်မတို့ဒီ အေဇက်ဇုန်အတွင်းမှာ ရှိတဲ့  ကျေးရွာတွေပေါ့၊ ကျွန်မတို့က လောလောဆယ်တော့ မြို့ပေါ်နဲ့ကျောင်းကိုတော့  ရည်မှန်းထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတွေမပိတ်ခင် ကျွန်မတို့တွေ  awareness အရင်စပေးဖို့အတွက် တိုက်ပွဲတွေ ကလည်း သူ့ဟာသူဖြစ်တာပေါ့  ကျွန်မတို့ကလည်း ကျွန်မတို့လုပ်စရာရှိတဲ့အလုပ်ကို လုပ်မယ်ပေါ့"

UNESCO  တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီးရင်တော့ ၂၀၂၁  ဇွန်လ တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် ၄၄ ကြိမ်မြောက် UNESCO ညီလာခံက မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်/မဝင် မဲခွဲ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

မြောက်ဦးမြို့ဒေသခံ ဦးဝေလှအောင် ကလည်း တိုက်ပွဲတွေဆက်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်း မဝင်မှာ စိုးရိမ်နေပါတယ်။

"ကျွန်တော်တို့ဒီမြောက်ဦးမြို့က ယူနက်စကိုဝင်ဖို့အတွက် အများကြီး ကြိုးစားထားတာတွေရှိတယ်လေ၊ ဒါပေမဲ့ တစ်ဘက်ကပြောသလို အစိုးရဘက်ကလည်း အဲ့ယူနက်စကိုဝင်ဖို့အတွက် အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ထင်တာပဲဗျာ၊ ဘာကြောင့်လဲဆိုတော့ ဒီတိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက်ကို အစိုးရဘက်က ဖိအားပေးတာတို့ တစ်ခုခုလုပ်ပေးတာတို့ လိုအပ်တယ်၊ ဒါမှလည်း ဒီယူနက်စကိုအရေးနဲ့ပတ်သက်လို့ ကျည်ဆန်တွေ ထိမှန်တာတို့ ဟိုဟာဖြစ်သွားမှာလေ၊ ပြည်သူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးရသွားမယ် နေရထိုင်ရအဆင်ပြေမယ်၊ တိုက်ပွဲတွေ ရပ်တန့်သွားရင်တော့ ပိုပြီးသေချာတာပေါ့ ယူနက်စကိုဝင်ဖို့ဘက်ကို၊ ဒီအတိုင်းဖြစ်နေရင်ကတော့ ယူနက်စကိုဝင်ဖို့ သိပ်မလွယ်ဘူး၊ အဲ့အပေါ်မှာပဲ ကျွန်တော်တို့စိုးရိမ်တာတွေရှိတယ်"

မြောက်ဦးဟာ ရခိုင်မင်းနေပြည်တော်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သလို ရခိုင်ရှင်ဘုရင်တွေ နန်းစိုက်ခဲ့ရာ နန်းတော်ရာကုန်းနဲ့ ခံတပ်ကြီးတွေနဲ့ အထင်ကရတည်ဆောက်ထားတဲ့ ရှေးဟောင်းမြို့တော်လည်း ဖြစ်ပါတယ်။

သမိုင်းဝင်ဘုရားစေတီ ပုထိုးတော်တွေ၊ ကျုံးအရှင်နဲ့ ကျုံးခြောက်တွေ၊ မြို့တော်ကို ပတ်လည် ကာရံထားတဲ့ တံတိုင်းကြီးတွေ၊ သျှစ်သောင်းပုထိုးတော်၊ ထုက္ကံသိမ်ပုထိုးတော်၊ အံတော်သိမ်၊ မာရ်ငါးပါး၊ ကိုးသောင်းပုထိုးတော်ကြီး နဲ့ မြို့တော်ရဲ့ အရှေ့ဘက်ဝင်ပေါက်၊ လက်ဆည်ကန်၊ အနူမကန်တံတိုင်း၊ မင်းထွက်ပေါက်ဆည်ရေတံခါး၊ ဟာရီတောင်စေတီ အပါအဝင် ရခိုင်ရှေးဟောင်း အမွေအနှစ်ဗိသုကာ လက်ရာများစွာ တည်ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစတဲ့ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်သတ်မှတ်ခံထားရသလို  ဒီနှစ်မှာလည်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ခံထားရပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး တင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။