ကုလ လူ့အခွင့်အရေးရုံးရှေ့ ဆန္ဒပြ

ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရုံးရှေ့မှာ ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်လို့ UNHCR မဟာမင်းကြီးရဲ့ သဘောထား ပြောကြားချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့ နေ့လည် (၁) နာရီက ပြည်သူလူထု အယောက် (၂၀) ခန့် စုဝေးကြွေးကြော်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2012-08-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်က ရန်ကုန်မြို့ ပြည်လမ်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြနေကြစဉ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်က ရန်ကုန်မြို့ ပြည်လမ်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြနေကြစဉ်။
RFA

ဒီလို ကန့်ကွက် ဆန္ဒပြရတဲ့ အကြောင်းရင်းက ရိုဟင်ဂျာတွေနဲ့ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ UNHCR မဟာမင်းကြီးက ပြောသွားတဲ့ အချက်တွေကို ကန့်ကွက်တာ ဖြစ်တဲ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးတွေအပေါ် ထားရှိတဲ့ သဘောထားကို ထောက်ခံကြောင်းလည်း ပြသချင်တဲ့အတွက် ဖြစ်တယ်လို့ ဆန္ဒပြနေသူတစ်ဦးက ပြောပါတယ်။

"ဒီရိုဟင်ဂျာတွေဟာ ကျွန်တော်တို့ လူမျိုး မဟုတ်ဘူးဆိုတာ အတိအလင်း ကန့်ကွက်မှာပါ။ ကန့်ကွက်တဲ့ဟာကို ကျွန်တော်တို့က သမ္မတကြီးနဲ့ ထပ်တူထပ်မျှ ရှိတယ်ဆိုတာကို ပြချင်တဲ့အတွက် ကျွန်တော်တို့ ဒီဆန္ဒ ထုတ်ဖော်ပွဲကို လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့သည် မည်သည့်ပါတီကိုမှလည်း ကိုယ်စား မပြုပါဘူး။ မည်သည့် အဖွဲ့အစည်းကိုလည်း ကိုယ်စား မပြုပါဘူး။ မည်သူကမှလည်း ငွေကြေး ထောက်ပံ့ထားခြင်းလည်း မရှိပါဘူး။ ကျွန်တော်တို့သည် ဒီဟာကို လုပ်ရခြင်းသည် အမျိုးသား စိတ်ဓာတ် တစ်ခုတည်းနဲ့ လုပ်ရခြင်း ဖြစ်ပါတယ်"

ဒီကနေ့ ဆန္ဒပြတဲ့သူတွေက အွန်လိုင်း ဖေ့စ်ဘုတ်ခ်ပေါ်ကနေ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ကြပြီး အခုလို ဆန္ဒပြခဲ့ကြတာလို့လည်း သိရပါတယ်။ ဆန္ဒပြပွဲဟာ မိနစ် (၃၀) နီးပါးသာ ကြာမြင့်ခဲ့ပြီးနောက် နိုင်ငံတော်သီချင်း သီဆိုပြီး လူစုခွဲခဲ့ကြပါတယ်။

ဒီလို ဆန္ဒဖော်ထုတ် ပြသဖို့အတွက် လွန်ခဲ့တဲ့ လေးရက်က သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ တင်ပြလျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ဆန္ဒပြနေကြခိုက်မှာ စမ်းချောင်းမြို့နယ် ရဲစခန်းမှူးက ဆန္ဒပြပွဲကို ရပ်တန့်ဖို့ လာရောက် တားမြစ်ခဲ့ပါတယ်။

"ခွင့်ပြုချက်က သတ်မှတ်ထားတာ ၅ ရက်ပေါ့ဗျာ။ သူတို့က ၅ ရက်ကို ကြိုမတင်ပဲနဲ့ ၄ ရက်ကြိုတင်တော့ ကျွန်တော်တို့က ခွင့်ပြုလို့မရဘူး ဖြစ်သွားလို့။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နည်းဥပဒေနဲ့ အညီ ဆောင်ရွက်ရင်တော့ အားလုံးကို ကျွန်တော်တို့ ပြလို့ ရပါတယ်ခင်ဗျ။ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်လည်း ရပါတယ်။ လောလောဆယ် သူတို့က အခုဆောင်ရွက်တာ ဥပဒေနဲ့ မညီဘူး ဖြစ်တာပေါ့။ အဲတာကြောင့်မို့လို့ အားလုံးပဲ ကိုယ့်ဖာသာ အေးအေးဆေးဆေးပဲ ပြန်ကြပါ" လို့ စမ်းချောင်းမြို့နယ် ရဲစခန်းမှူးက ပြောဆိုသွားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့