၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း

ဇွန်လ ၁၅ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး Public Legal Aid Network အဖွဲ့က မသဉ္စာဦး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူ မဝေဝေနု၊ မြန်မာရိုဟင်ဂျာအသင်း (ယူကေ)က ဦးထွန်းခင်နဲ့ အခြားနိုင်ငံ အစိုးရတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က လူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာပါဝင်တဲ့ မြန်မာနိုင်ငံမှာ လူနည်းစုတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေအကြောင်း တွေ့ရှိချက်တွေကို ခုလို တင်ပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကာလအတွင်းမှာ ဘာသာရေးနဲ့လူမျိုးရေး လူနည်းစုတွေကို ခွဲခြားဆက်ဆံခြင်းနဲ့ ဖယ်ကြဉ်ထားခြင်းတွေဟာ မြန်မာနိုင်ငံရဲ့ဥပဒေတွေ၊ မူဝါဒတွေရဲ့ ခွဲခြားမရတဲ့ အမှတ်သင်္ကေတတွေ ဖြစ်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက လူနည်းစုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခံနေရတာဟာ ရှုပ်ထွေးနက်နဲပြီး၊ ပုံစံအမျိုးမျိုးနဲ့ ကာလရှည်ကြာစွာ တည်ရှိနေတဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကြောင့် ဖြစ်ပါတယ်။ ဒီအကြောင်းရင်း ဇာစ်မြစ်တွေကတော့ သမိုင်းကြောင်းအရ ကိုလိုနီပြုခံခဲ့ရခြင်း၊ စစ်အုပ်ချုပ်ရေးအောက်မှာ ကာလရှည်ကြာစွာ နေခဲ့ရတာနဲ့ ဗမာလူမျိုး ကြီးစိုးတဲ့ နိုင်ငံအဖြစ်တည်မြဲဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းမှုတွေကြောင့် ဖြစ်ပါတယ်။ လူနည်းစု အမြောက်အမြားကို နိုင်ငံမဲ့ဖြစ်စေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအပါအဝင် မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကြောင့် လူနည်းစုတွေဟာ ဒုက္ခအမျိုးမျိုး ကြုံနေရပါတယ်။ မြန်မာနိုင်ငံက လူနည်းစုတွေဟာ စစ်ရေးပဋိပက္ခတွေနဲ့ နေအိမ်စွန့်ခွာ ထွက်ပြေးရတာတွေကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံခဲ့ရတဲ့အတွက် ကျန်းမာရေး၊ ပညာရေး နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီး နောက်ကျခဲ့ရပါတယ်။ အခုဆိုရင် ဆိုရှယ်မီဒီယာခေတ်အတွင်းမှာ လူနည်းစုတွေဟာ အမုန်းစကားနဲ့လူမျိုးရေးခွဲခြားမှု လှိုင်းလုံးအသစ်တွေနဲ့ပါ ရင်ဆိုင်လာရပါတယ်။ ဒါတွေအားလုံးဟာ ဒီမိုကရေစီနည်းကျ ရွေးကေက်ခံ အရပ်သားအစိုးရရဲ့ စောင့်ကြည့်ထိန်းကွပ်မှုမရှိတာနဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မရှိတာတွေကြောင့် ပိုဆိုးလာစေပါတယ်။ လူနည်းစုတွေထဲမှာ လူနည်းစုအမျိုးသမီးတွေဟာ ပိုပြီး ထိခိုက်လွယ်တဲ့ အခြေအနေ ဖြစ်နေတာ တွေ့ရပါတယ် ”

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအပါအဝင် လူနည်းစုတွေကို ဖိနှိပ်ရာရောက်တဲ့ ဥပဒေတွေကို ပယ်ဖျက်တာ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အကြံပြု တိုက်တွန်းခဲ့ပါတယ်။

“ကျွန်မရဲ့အစီရင်ခံစာထဲမှာ အတိတ်နဲ့ ပစ္စုပ္ပန်နှစ်ခုလုံးက မတရားမှုတွေကို အပြစ်ပေးအရေးယူဖို့ တိကျပြတ်သားတဲ့ လုပ်ဆောင်မှုတွေ လိုအပ်နေတယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် မတူကွဲပြားတာကို လက်ခံမှု၊ တန်းတူရည်တူဖြစ်မှု၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ညီညွတ်ရေးကိစ္စတွေအတွက် နေရာပေးနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ဥပဒေ၊ အစိုးရမူဝါဒနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ အကြံပြုထားပါတယ်။ ဒီအထဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပယ်ဖျက်ဖို့လည်း ပါဝင်ပါတယ်”

“လူနည်းစု အမြောက်အမြားကို နိုင်ငံမဲ့ဖြစ်စေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအပါအဝင် မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကြောင့် လူနည်းစုတွေဟာ ဒုက္ခအမျိုးမျိုး ကြုံနေရပါတယ်”

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet က သူ့အနေနဲ့ ဒီအကြံပြုတိုက်တွန်းချက်တွေ ပါဝင်တဲ့ အစီရင်ခံစာကို ရေးသားခဲ့ချိန်ဟာ ဒီမိုကရေစီ အစိုးရလက်အောက်မှာ ရှိနေစဉ်ကဖြစ်တဲ့အတွက် ဒီအကြောင်းရင်း ဇာစ်မြစ်တွေကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက် ရှိတဲ့အခြေအနေအနေနဲ့ ရေးသားခဲ့တာဖြစ်ကြောင်း၊ အခုအချိန်မှာတော့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် လူများစုဗမာတွေပါ ဖိနှိပ်မှုခံလာရတာအပါအဝင် အသစ်ပေါ်လာတဲ့ ပြဿနာတွေ ရင်ဆိုင်လာရကြောင်း၊ ပြဿနာအသစ်တွေကြောင့် အရင်ကတည်းက ရှိခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်စေတဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကို မေ့မသွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ ကမ္ဘာ့နိုင်ငံအားလုံး တစ်စုတစ်စည်းတည်း ရပ်တည်ပြီး မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်သူကို ကိုယ် ပြန်ချေမှုန်းဖို့ စစ်ဆင်ရေးဆင်နွှဲနေတာကို ရပ်တန့်အောင် ဖိအားပေးကြဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။