မြန်မာ့အရေး နိုင်ငံတကာတုံ့ပြန်မှု ပြောင်းလဲဖို့ ကုလကျွမ်းကျင်သူတွေတိုက်တွန်း
2024.12.02
(Updated: 6:45 pm, Dec 05, 2024)
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီး၊ နှိပ်စက်၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ခြောက်ထောင်ရှိသွားပြီမို့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေး တုံ့ပြန်ဆောင်ရွက်တဲ့ပုံစံတွေ ပြောင်းလဲသင့်ပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ဒီဇင်ဘာလ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ ၁၂ ဦးက တိုက်တွန်းလိုက်တာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) က သတင်းထုတ်ပြန်ပါတယ်။
ဒီသေဆုံးမှု အရေအတွက်ဟာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် ပျက်ကွက်ခဲ့တာကို သတိပေးချက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအရေးကို ကမ္ဘာတစ်ဝန်းက အာရုံစိုက်လာအောင် စတင်လုပ်ဆောင်ပြီး ပြောင်းလဲကြဖို့လည်း လူ့အခွင့်အရေးကျွမ်းကျင်သူတွေက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂအနေနဲ့ နိုင်ငံတကာရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပေမဲ့လည်း မြန်မာပြည်သူတွေကို ပံ့ပိုးကူညီရာမှာ ညှိနှိုင်းဆောင်ရွက်မှုနဲ့ အာရုံစိုက်မှု အားနည်းနေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အရပ်သားတွေကို တိုက်ခိုက်နေတဲ့ လက်နက်တွေ စစ်ကောင်စီလက်ထဲ မရောက်ဖို့အရေး နိုင်ငံတကာအနေနဲ့ တားဆီးနိုင်စွမ်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂက လက်ခံရရှိတဲ့ အစီရင်ခံစာတွေအရ စစ်ကောင်စီက ဖမ်းဆီးထားချိန် လူ နှစ်ထောင်နီးပါး သေဆုံးခဲ့ရကြောင်း၊ အဲဒီအထဲက ၃၆၅ ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး ၂၁၅ ယောက်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတာဖြစ်ကြောင်း ရေးသားထားပါတယ်။ စစ်ကောင်စီဟာ ဝေဖန်သူတွေကိုနှုတ်ပိတ်ဖို့အတွက် မတရားဖမ်းဆီးထိန်းသိမ်းတာ၊ တိတ်တဆိတ် လက်စဖျောက်ပစ်တာလို လုပ်ရပ်တွေ ဆက်လုပ်နေတဲ့အပေါ် စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် လက်ရှိထောင်ထဲမှာ ဖမ်းဆီးခံထားရသူ ၂၁ဝဝဝ ရှိနေပြီး သူတို့ ဘယ်ရောက်နေတယ်ဆိုတာကို မိသားစုတွေနဲ့ ရှေ့နေတွေလည်း မသိရဘဲ ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီက တရားဝင်အစိုးရဖြစ်ရေး ကြိုးပမ်းနေတဲ့အပေါ် ဆန့်ကျင်ကြဖို့နဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လူသိရှင်ကြား ကန့်ကွက်ကြဖို့လည်း တောင်းဆိုထားပါတယ်။
နိုင်ငံတကာက ထိထိရောက်ရောက် မဆောင်ရွက်လို့ မြန်မာပြည်သူတွေ အသက်ဆုံးရှုံးနေရတာ မဖြစ်သင့်တာကြောင့် မြန်မာ့အရေး အကူအညီပေးရာမှာ သိသာထင်ရှားအောင် ဆောင်ရွက်ကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
(မှတ်ချက်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ကြောင်း မှားယွင်းဖော်ပြခဲ့သည်ကို ပြန်လည်ပြင်ဆင်ရေးသားထားပါသည်။)