မြန်မာကလေး ခြောက်သန်း အကူအညီလိုနေ

မြန်မာနိုင်ငံက ကလေးငယ်ခြောက်သန်းအပါအဝင် လူပေါင်း ၁၈.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကကုန်ထိ ကောက်ယူထားတဲ့ စာရင်းအရ လူပေါင်း ၁၈.၆ သန်းဟာ အကူအညီလိုအပ်နေတာဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ကထက် အကူအညီလိုအပ်နေသူ ၁၈ ဆ ပိုများလာတယ်လို့ UNICEF ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ တိုက်ပွဲတွေပြင်းထန်တာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေများလာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ကလေး ၁၆ ဦး အပါအဝင် လူပေါင်း ၂၀၇ ဦး သေဆုံးပြီး နောက်ထပ်ကလေး ၃၆ ဦး အပါအဝင် လူပေါင်း ၂၉၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ UNICEF က ထုတ်ပြန်ပါတယ်။ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းခွဲနီးပါးရှိပြီး အိမ်နီးချင်းနိုင်ငံတွေကို ပြောင်းရွှေ့သွားသူ ခြောက်သောင်းနီးပါးရှိတယ်လို့လည်း ပြောပါတယ်။

အကူအညီလိုအပ်နေသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၀၈.၃ သန်း လိုအပ်ပြီး ဖေဖော်ဝါရီလကုန်အထိ ၁၇ သန်းခွဲပဲ ရထားတယ်လို့ UNICEF ဆိုပါတယ်။