စစ်ကောင်စီရဲ့ အဝေးသင်ပညာရေးကို ကျောင်းသားအများစု သပိတ်မှောက်

2021.11.13
စစ်ကောင်စီရဲ့ အဝေးသင်ပညာရေးကို ကျောင်းသားအများစု သပိတ်မှောက် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ဒဂုံတက္ကသိုလ်ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ အချိန်ကိုးလကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် ကျောင်းသား လူငယ်တွေကတော့ စစ်ကောင်စီရဲ့ လုပ်ငန်းတွေ မလည်ပတ်နိုင်အောင် သပိတ်မှောက် လှုပ်ရှားမှုတွေကို အရှိန်ကောင်းကောင်းနဲ့ ဆက်လုပ်နေကြဆဲဖြစ်ပါတယ်။

အခုလည်း စစ်ကောင်စီက မြန်မာနိုင်ငံအသီးသီးက အဝေးသင်တက္ကသိုလ်တွေကို ပြန်ဖွင့်ဖို့ ကြိုးစားနေပေမယ့် အများစုက သပိတ်မှောက်ထားကြတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

အာဏာသိမ်းကာလ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် အခုခါ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထဲကို ဝင်ပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့သူ မြန်မာစာအထူးပြု အဝေးသင် ဒုတိယနှစ် ကျောင်းသား တစ်ဦးကတော့ တော်လှန်ရေးကြီးပြီးမှပဲ စာသင်ခန်းထဲကို ပြန်လာတော့မယ်လို့ ဆိုပါတယ်။

“အဖြေကတော့ ရှင်းနေတာပဲ၊ ကျနော်တို့က တော်လှန်ရေးလုပ်နေပါတယ်ဆိုတော့ တော်လှန်ရေးကြီး ပြီးမှပေါ့ဗျာ။ အရေးတော်ပုံကြီး အောင်မှပဲ ကျောင်းပညာရေးဘက်ကို ဆက်လက်သွားမယ်လို့ ရည်ရွယ် ထားတယ်။ ကျောင်းတက်မယ့် ညီကိုတွေ ကျနော်တို့အနေနဲ့ကတော့ မတက်စေချင်ဘူး။ လုံးဝကို မတက်စေချင်တာပါ။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီလိုမျိုး ပြန်ဖွင့်ပြီဆိုကတည်းက ပညာရေးကို သက်သက်အသုံးချသလို ဖြစ်နေတယ်”

ဒီနှစ်အတွက် ကျောင်းအပ်ဖို့ကျန်နေတဲ့ အဝေးသင် တက္ကသိုလ် ကျောင်းသားတွေကို ဒီနိုဝင်ဘာလ ပထမပတ် ထဲမှာ နောက်ဆုံး ကျောင်းအပ်ကြဖို့ စစ်ကောင်စီက ကြေညာထားတာပါ။

"စစ်အုပ်စုရဲ့ စာသင်ခန်းတွေကိုတော့ သပိတ်မှောက်ထားသင့်တယ်လို့ အဲလိုမျိုးတော့ နောက်ဆုံးပြောချင်ပါတယ်”

ဒါပေမဲ့ ကျောင်းလာအပ်တဲ့သူ အတော်လေးနည်းတာကြောင့် ဒီဇင်ဘာလ ပထမပတ်အထိ နောက်တစ်လ တိတိ ကျောင်းအပ်ရက်ကို စစ်ကောင်စီက ထပ်တိုးခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ဝေးသင်တက္ကသိုလ်တွေလည်း ပညာသင်ကြားရေး လုပ်ငန်း တွေ ရပ်ဆိုင်းနေတာပါ။

စစ်ကောင်စီက အခြေခံပညာ ကျောင်းတွေ အပါအဝင် တက္ကသိုလ်တွေနဲ့ အဝေးသင် တက္ကသိုလ်တွေကို ပြန်ဖွင့် ဖို့ ကြိုးစားနေတာဟာ ကျောင်းသားတွေတောင် ကျောင်းပြန်တက်နေပြီ၊ တိုင်းပြည်တည် ငြိမ်အေးချမ်းနေပါပြီ ဆိုတာကို နိုင်ငံတကာကို ပြသချင်တဲ့အတွက် ပညာရေးကို အသုံးချတာဖြစ်တယ်လို့ RFA က စကားပြောခဲ့တဲ့ အဝေးသင်ကျောင်းသားတွေက ပြောကြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပထဝီအထူးပြု ပထမနှစ်ကျောင်းသား တစ်ဦးကတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပညာရေးစနစ်က အရင်ထက်ကို ပိုဆိုးလာတာကြောင့် စစ်ကောင်စီ လက်ထက်မှာ ကျောင်းပြန် တက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

“ကျနော် အရင်ကလည်း ပညာရေးစနစ်က အရမ်းကောင်းခဲ့တာ မဟုတ်ဘူး။ ဒီလူထုအစိုးရ တက်လာမှ ကောင်းလာတယ် နည်းနည်းပေါ့။ ကောင်းလာတယ် ပညာရေးစနစ်။ အဲဒါကို သူတို့ ပြန်ဖျက်ဆီးလိုက်တဲ့ အတွက်ကြောင့် ကျနော်တို့ တော်တော်စိတ်တိုပါတယ်။ စိတ်တိုပြီးတော့ ကျနော်တို့ တင်မြှောက်ထားတဲ့ အစိုးရပေါ့နော် လူထုအစိုးရ အာဏာပြန်မရမချင်းတော့ ကျောင်းပြန်တက်ဖို့ အစီအစဉ်မရှိပါဘူးခင်ဗျ။ ကျနော့် အနေနဲ့ပေါ့နော်။ တခြား ကျောင်းသူ၊ ကျောင်းသားတွေလည်း သူတို့ အနေနဲ့ စဉ်းစားပြီးတော့ တက်ချင်တယ်ဆိုလည်း တက်ကြပါ။ ဒါပေမဲ့ ပြည်သူတွေရဲ့ မျက်နှာကိုလည်း ပြန်ကြည့်ကြပါဦးလို့ အဲဒါလေးတော့ ပြောချင်ပါတယ်”

ငွေကြေးမတက်နိုင်သူတွေ၊ အချိန်ကုန်မခံချင်တဲ့သူတွေ၊ အလုပ်တစ်ဘက်နဲ့ ကျောင်းဆက်တက်သူတွေ အများစုဟာ စာပေးစာယူလို့ ခေါ်တဲ့ အဝေးသင်ပညာရေးစနစ်ကို ရွေးချယ်ကြရပါတယ်။

အခု စစ်ကောင်စီက အဝေးသင်တွေကို ကျောင်းအပ်လက်ခံနေပြီး ကျောင်းတွေပြန်ဖွင့်ဖို့ ကြိုးစားနေပေမယ့် လုံခြုံရေး အာမခံချက်တော့ ပေးမထားဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

ကျောင်းသား အများစုက စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို သပိတ်မှောက်နေကြပေမယ့် တချို့ကတော့ ပညာဆက်သင်လိုတဲ့ ဆန္ဒရှိနေကြပါတယ်။

ရခိုင်ပြည်နယ်က မြန်မာစာ တတိယနှစ် အထူးပြု ကျောင်းသားတစ်ဦးတော့ အာဏာသိမ်းမှု မတိုင်ခင်ကတည်း က သူတို့ ဒေသမှာ စစ်ရေးပဋိပက္ခတွေလည်းရှိနေတာကြောင့် ကျောင်းမတက်ဘဲနေခဲ့ရတာ နှစ်နှစ်လောက်ရှိ လာပြီဖြစ်တဲ့အတွက် အခုတစ်ခေါက်မှာတော့ ကျောင်းပြန်အပ်မယ်လို့ ဆိုပါတယ်။

“ကျောင်းတော့ ပြန်အပ်ဖို့ရှိတယ်ခင်ဗျ။ ကျောင်းတော့ ပြန်တက်ချင်တယ်ပေါ့လေ။ ဒီတစ်နှစ်မှာကျတော့။ ဘာလို့ဆိုတော့ ကျနော်တို့ကျောင်း အဝေးသင်က လမ်းတစ်ပိုင်းလောက်မှာ ဖြစ်နေတယ်။ ကျောင်းမတက် ရတာလည်း နှစ်နှစ်လောက်ရှိပြီဆိုတော့ အခုက ကျောင်းပြန်ဖွင့်ရင် ကျောင်းပြန်တက်ဖို့ အစီအစဉ်တော့ ရှိပါတယ်ခင်ဗျ။ ကျောင်းကပြန်ဖွင့်တယ်ဆိုတော့ ပြန်ဖွင့်ရင်ဖွင့်ပေါ့လေ ဖွင့်လို့ရှိရင် သေသေချာချာဖွင့်ပေါ့ စနစ်တကျနဲ့။ ဖွင့်လို့ပြီးမှ ဒါမှမဟုတ် ဖြေခါနီး ပြန်ပိတ်တာလိုမျိုး မဖြစ်စေချင်ဘူး”

အဝေးသင်ပညာရေးစနစ်ကို မကြိုက်ပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေအတွက်၊ ဘဝတက်လမ်း အတွက် ဘွဲ့လက်မှတ်တစ်ခုရဖို့ ကြိုးပမ်းနေရတာလို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ဒေသခံခုခံကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ နေရာတော်တော် များများမှာ နေ့တိုင်းရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရ တဲ့သူ ၁၃၀၀ ကျော်ရှိပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ အသက်ပေးခဲ့ရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ငှဲ့ညာပြီး စစ်ကောင်စီ စာသင်ခန်းတွေကို မသွားဘဲ သပိတ်မှောက်သင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကိုယ့်ဆရာတွေ ဆရာမတွေ ဖမ်းခံနေရတယ်။ တချို့ဆို ထောင်ထဲမှာ၊ တချို့ဆို တောထဲမှာ တချို့ဆို လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်ပေါ့။ ဆရာ၊ ဆရာမတွေမှ မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ့်သူငယ်ချင်းတွေဆိုရင်လည်း တောထဲရောက်တဲ့သူရောက်၊ ကျဆုံးသွားရင်လည်း ကျဆုံးသွားကောင်း ကျဆုံးသွားနိုင်တယ်။ အခုနွေဦးတော်လှန်ရေးမှာလည်း ကျောင်းသားတွေ အများကြီး အသက်တွေလည်း စတေးထားရတယ်။ အဲဒီအထဲမှာ ကိုယ့်သူငယ်ချင်းတွေလည်း ပါရင်ပါမယ်ပေါ့။ ကိုယ်နဲ့နီးစပ်တဲ့သူတွေ ပါရင်ပါမယ်။ အဲဒီလိုမျိုး အနေအထားမှာ သူတို့ကိုငဲ့ပြီးတော့ ကိုယ့်အနေနဲ့ တော်လှန်ရေးနဲ့ပတ်သက်ပြီး တကယ်လို့ ဘာမှမလုပ် ပေးနိုင်ဘူးဆိုရင်တောင်မှ စစ်အုပ်စုရဲ့ စာသင်ခန်းတွေကိုတော့ သပိတ်မှောက်ထား သင့်တယ်လို့ အဲလိုမျိုးတော့ နောက်ဆုံးပြောချင်ပါတယ်”

university-of-economics.jpg
(ရန်ကုန်စီးပွားရေး တက္ကသိုလ်အဝင်နေရာကို တွေ့ရစဉ် - Photo: RFA)

ကျောင်းသား အများစုက သပိတ်မှောက်နေကြပေမယ့် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနကတော့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာတောင် ကျောင်းအပ်နိုင်တယ်လို့ မြန်မာ့အလင်း သတင်းစာကနေတဆင့် ကြေညာထားပါတယ်။

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးက ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နဲ့ စီးပွားရေး တက္ကသိုလ် စုစုပေါင်း ၃၆ ခုမှာ ကျောင်းအပ်လက်ခံနေတယ်လို့ ဆိုပါတယ်။

အဲဒီလို ကျောင်းအပ်လက်ခံနေတဲ့အထဲမှာ ဒေသတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်ထဲက တက္ကသိုလ်တချို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။

ဒီလာမယ့် ဒီဇင်ဘာလဆန်းပိုင်းမှာ Day လို့ခေါ်တဲ့ နေ့တိုင်းတက်ရတဲ့ တက္ကသိုလ်တွေ အားလုံးကိုလည်း ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ အဆင့်မြင့်ပညာ ဦးစီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Saw ba kyaw
2021-11-13 07:01

ကောင်းပါတယ်...လုပ်သင့်တာကြာပြီး..