ရခိုင်ပြည်နယ်မှာ အရပ်သားတွေ နေထိုင်တဲ့နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကို အလွန်စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့က လူနေရပ်ကွက်ထဲကို မတ်လ ၉ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ ရိုဟင်ဂျာအရပ်သား ရှစ်ဦးထက်နည်းသေဆုံးပြီး ကလေးငါးဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ UNOCHA က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့မဈေးအနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၂၁ ဦးထက်မနည်း သေဆုံးပြီး သုံးဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်ပတ်အတွင်းမှာ စစ်တွေမြို့က အရပ်သားတွေ သေဆုံးခဲ့တာကို ထောက်ပြပြီး UNOCHA က စိုးရိမ်ကြောင်း ထုတ်ပြန်တာပါ။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ အရပ်သားတွေ ထိခိုက်သေဆုံးတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသိန်းကျော် ရှိနေတယ်လို့လည်း ပြောပါတယ်။
အကူအညီပေးရေးလုပ်သားတွေ အပါအဝင် အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ပဋိပက္ခနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေနဲ့အညီဆောင်ရွက်ကြဖို့လည်း UNOCHA က သတိပေး ပြောဆိုပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အနည်းဆုံး ၂ ဒသမ၇ သန်း ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။