စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည် ငါးသိန်းခြောက်သောင်းကျော် ရှိပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဧပြီလ ၁၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အရပ်သား နေအိမ်၊ အဆောက်အအုံ၊ ဈေးနဲ့ ကျောင်းပေါင်း ရှစ်ထောင်ကျော်လည်း ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အများဆုံးလို့ UN OCHA က ဖော်ပြပါတယ်။
ကရင်ပြည်နယ်ထဲမှာဆိုရင် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ခုနစ်သောင်းကျော် ရှိတယ်လို့ KNU ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
"စစ်ဘေးရှောင်က အတက်အကျ အမြဲရှိတယ်ဗျ။ တစ်ခုပဲပြောလို့ရတာက စစ်အာဏာသိမ်း ပြီးနောက်ပိုင်း ထပ်တိုးလာတယ်။ ခုနစ်သောင်းထက် မလျော့နိုင်တော့ဘူး။ အခုလောလော ဆယ် တိုက်ပွဲတောက်လျှောက် ဖြစ်တာက ကော့ကရိတ်မြို့နယ် အရှေ့ပိုင်းရော၊ အနောက် ပိုင်းရော ပေါင်းလိုက်ရင် လူဦးရေ သုံးသောင်းနားမှာ ပြေးလွှားနေရတာပဲ။ ဒါပေမဲ့ အမြဲတော့ မဟုတ်ဘူး၊ ပြေးပြီး ပြန်လာတယ် အဲဒီလိုမျိုး"
ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူတွေထဲမှာ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် နှစ်သိန်း သုံးသောင်းကျော်နဲ့ အများဆုံးဖြစ်နေပြီး ကယားပြည်နယ်က ကိုးသောင်းကျော်နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။
ကရင်ပြည်နယ်ကတော့ ခုနစ်သောင်းလေးထောင်ကျော်နဲ့ တတိယအများဆုံး ဖြစ်နေတာပါ။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာလည်း စစ်ဘေးဒုက္ခသည်ဟာ ပထမဆုံးအကြိမ်အဖြစ် သုံးသိန်း ကျော်လာခဲ့တာ တွေ့ရတယ်လို့ UN OCHA က ရေးသားထားပါတယ်။
မြန်မာစစ်ဘေးဒုက္ခသည် ၃၄၅၀၀ ဟာလည်း လက်ရှိမှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင် နေရသလို ထိုင်း နိုင်ငံထဲမှာလည်း ၁၆၀၀ ရှိနေတယ်လို့ ဆိုထားပါတယ်။
အရင်ကတည်းကရှိခဲ့တဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်အပါအဝင်ဆိုရင် အခုအချိန်မှာ စစ်ဘေးဒုက္ခ သည်ပေါင်း ကိုးသိန်းကျော်လာခဲ့ပြီလို့ UN OCHA က ဖော်ပြထားပါတယ်။