အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ နယ်မြေတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးသူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ၂၀၁၉ - ၂၀၂၀ အတွင်း လူဦးရေ သိန်းဂဏန်းအထိ ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၀ ခုနှစ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ တပ်မတော်နဲ့ TNLA တို့ကြား တိုက်ပွဲတွေကြောင့် လူဦးရေ ကိုးထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA (မြန်မာ) က မနေ့က ထုတ်ပြန်ထားတာပါ။
ရှမ်းပြည်နယ်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်ပွားတဲ့ တိုက်ပွဲတွေထက် တိုင်းရင်းသား အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားပြည်သူတွေ ၂၀၁၈ ခုနှစ်က ပိုများခဲ့တယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျု MIPS အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး က ပြောပါတယ်။
" ၂၀၁၈ တုန်းကဆိုလို့ရှိရင် ရှမ်းပြည်မှာ အရပ်သားအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အရပ်သားတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ အရေအတွက်အများစုက EAO အချင်းချင်းတိုက်ပွဲကြောင့်ဖြစ်တယ်၊ တပ်မတော်နဲ့ ဖြစ်တဲ့ တိုက်ပွဲထက်စာလို့ရှိရင် ဒါပေမဲ့ နောက်ပိုင်းမှာ SSPP နဲ့ RCSS ကြားမှာ ညှိနှိုင်းပြီးတော့ တိုက်ပွဲတွေ ရပ်သွားအောင် လုပ်နိုင်ခဲ့တယ်ပေါ့နော်၊ အခုကတော့ တစ်ကျော့ပြန်ဖြစ်တယ်လို့ ပြောလို့ ရတာပေါ့၊ သူတို့တွေညှိနှိုင်းပြီးတော့ တိုက်ပွဲတွေ ရပ်အောင်လုပ်လို့မရဘူးလားဆို အရင်ကတော့ လုပ်ခဲ့တဲ့သာဓကတွေရှိတယ်၊ လုပ်လည်းလုပ်နိုင်တဲ့ သာဓကတွေ ရှိတယ်ဆိုတော့ပေါ့နော်၊ တွေ့ဆုံဆွေးနွေးညှိနှိုင်း ပြီးတော့ ဒီကိစ္စတွေဖြေရှင်းနိုင်မယ် ဆိုလို့ရှိရင်တော့ တိုက်ပွဲတွေက ရပ်သွားနိုင်ခြေရှိပါတယ်။"
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရပ်သားပြည်သူတွေဟာ တိုက်ပွဲတွေရပ်တန့်ချိန်မှာ နေရပ်ပြန်ကြတဲ့သူတွေရှိတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူတွေနဲ့ ပတ်သက်တဲ့ စာရင်းအတိအကျရ ဖို့တော့ ခက်ခဲတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တပ်နေရာချထားရေး အငြင်းပွားမှုတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပြီး အရပ်သားတွေ ထွက်ပြေးနေရတာလို့ သူက သုံးသပ်ပါတယ်။
MIPS ရဲ့ မှတ်တမ်းအရ ၂၀၂၀ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၃၀၀ နီးပါး သေဆုံးပြီး ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ၂၀၂၀ အောက်တိုဘာလက ထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ နမ္မတူမှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ဂဏန်းရှိခဲ့တယ်လို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က ပြောပါတယ်။
လားရှိုးအခြေစိုက် တအောင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ သတင်းမှတ်တမ်းဌာန ကြီးကြပ်သူ လွေးချီ့စငါး ကလည်း နေရပ်စွန့်ခွာ ပြည်သူတွေမရှိဖို့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျောက်မဲမြို့နဲ့ အနီးပတ်ဝန်းကျင် နေရာတွေမှာ RCSS နဲ့ TNLA တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားပြည်သူ ၂၅၀၀ ကျော်ရှိခဲ့တယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ တိုးလာတာကို တပ်မတော်အနေနဲ့ မလိုလားကြောင်းနဲ့ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး ကိစ္စတွေကို ကူညီဆောင်ရွက်ပေးမယ်လို့ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စည်းကမ်းချိုးဖောက်တာကြောင့် အချင်းချင်း တိုက်ပွဲတွေဖြစ်နေတာလို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ RCSS နဲ့ TNLA နှစ်ဖက်လုံးက အပြန်အလှန် စွပ်စွဲပြစ်တင်နေ ကြပါတယ်။
RCSS က TNLA ထိန်းချုပ်နေရာတွေဆီကို လာရောက်ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေဖြစ်ပွားပြီး အရပ်သား ပြည်သူ ၁၅၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးရတာလို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။
"၁၂ ရက်နေ့ ညပိုင်းမှာတော့ ညောင်းမောင်းဘက်မှာတော့ RCSS က ကျနော်တို့စခန်းကို တက်ပြီးတော့ လာရောက်ပစ်ခတ်မှုတွေတော့ရှိတယ်၊ မနေ့ကတော့မရှိဘူး၊ ဖြစ်လိုက်နားလိုက် အဓိကကတော့ ကျနော် တို့ဆီကို ကျွံဝင်လာလို့ရှိရင်တော့ တိုက်ပွဲဖြစ်တယ်၊ နမ္မတူဘက်ခြမ်းကော ကျောက်မဲဘက်ခြမ်းကော ကောက်တဲ့စာရင်းအရ ၁၅၀၀ ဝန်းကျင်လောက်ရှိတယ်၊ အဓိကကတော့ ကျနော်တို့က ထိုးစစ်ဆင်တာ မဟုတ်ဘူး၊ ကျနော်တို့ဘက်က သူတို့ဆီကို သွားရောက်တိုက်ခိုက်တာ မဟုတ်ဘူး၊ ကျနော်တို့ တပ်ရှိတဲ့ နေရာကို သူတို့ဘက်က ကျူးကျော်လာရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်။"
RCSS ထိန်းချုပ်တဲ့ရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ TNLA ဘက်က ပစ်ခတ်တာကြောင့် အရပ်သားပြည်သူတွေ ထွက်ပြေးရတာလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ပြောပါတယ်။
"ပြည်သူလူထုက ထွက်ပြေးတိမ်းရှောင်တဲ့ အကြောင်း နှစ်ချက်ရှိတယ်နော်၊ တစ်ခုက ကျောက်မဲဂွင်မှာ TNLA ကနေပြီးတော့ ပြည်သူလူထုတွေ မနေရဲနိုင်အောင် လျှိုးဝှက်တဲ့နည်းနဲ့ ပြည်သူလူထုကို လှမ်းပြီး တော့ မဟုတ်မမှန်သတင်းပို့တာပေါ့၊ အခုတလော TNLA လူအင်အားတွေ လက်နက်အင်အားတွေ အများ ကြီးတိုးချဲ့ပြီးတော့ RCSS ကို မောင်းထုတ်မယ် ထိုးစစ်ဆင်မယ်၊ အဲဒါ ပြည်သူလူထုတွေ သိရအောင်ရှောင် သင့်ရင်လည်း ရှောင်နိုင်အောင် သတိပေးတယ်ဆိုတဲ့ အဲတစ်ချက်နဲ့ ပြည်သူလူထုက ကြောက်လန့်ပြီးတော့ ထွက်ပြေးကြတာလေ၊ အဲလိုမျိုးလျှောက်လုပ်တာပေါ့ အဲဒါကြောင့် ထွက်ပြေးတဲ့ ပြည်သူလူထုက များသွား တဲ့သဘောပေါ့လေ။"
RCSS က အပစ်ခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး TNLA ကတော့ NCA လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေထဲက အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ ၂၀၁၉ ခုနှစ်ကထက် ၂၀၂၀ မှာ လျော့နည်းသွားတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၉ ခုနှစ်က အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူ ၂၆၀၀၀ လောက်ရှိပြီး ၂၀၁၈ ခုနှစ်မှာ နှစ်သိန်းကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ဇန်နဝါရီလတည်းက ယာယီနေရပ် ရွှေ့ပြောင်းသူ သုံးသောင်းကျော်ရှိခဲ့ပါတယ်။
လူဦးရေ တစ်သောင်းနီးပါးလောက်ကတော့ တိုက်ပွဲရှောင်စခန်းတွေမှာ နေရတုန်းပဲလို့ UNOCHA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။