ရခိုင်မှာ ရေကတစ်ဆင့် ကူးစက်ရောဂါဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.22
ရခိုင်မှာ ရေကတစ်ဆင့် ကူးစက်ရောဂါဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာက ဒေသခံတစ်ဦး သောက်သုံးရေခပ်နေတာကို မေလ ၂၂ ရက်နေ့ကတွေ့ရစဉ်။
RFA

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ရေဖြန့်ဖြူးတဲ့စနစ်တွေပျက်စီးခဲ့ပြီး သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အကန့်အသတ်တွေရှိနေတာကြောင့် ရေကတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်ပွားလာနိုင်ခြေများနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတိပေးလိုက်ပါတယ်။

စစ်တွေမြို့နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အပျက်အစီးအများဆုံးပဲလို့လည်း UNOCHA က မေလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မုန်တိုင်းဒီရေကြောင့် သောက်သုံးရေကန်တွေထဲ ရေငံတွေ ဝင်ရောက်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ရေငံတွေ စုပ်ယူ နေရတယ်လို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ် ကျေးရွာဒေသခံတွေက RFA ကိုပြောပါတယ်။

ရေရှားပါးလို့ ရေသန့်ဈေးတွေလည်း နှစ်ဆကျော်သုံးဆနီးပါး တက်လာတယ်လို့ စစ်တွေမြို့၊ ကျေးတောပိုက်ဆိပ်ရွာခံ မနှင်းမိုးခိုင်က RFA ကိုပြောပါတယ်။

“မုန်တိုင်းမတိုက်ခင် ကျပ် ၆၀၀ သာပေးရတဲ့ လီတာ ၂၀ ဆံ့ ရေသန့်ဘူးတစ်ဘူးက အခု ၁၅၀၀ ထိ ပေးဝယ် နေရတယ်။”

မြန်မာနိုင်ငံက လူဦးရေ ၅.၄ သန်းဟာ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး အဲ့ဒီအထဲက ၃.၂ သန်းဟာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ UNOCHA က မေလ ၁၆ ရက်နေ့မှာ ပြောထား ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မုန်တိုင်းဒဏ်သင့်သူအားလုံးအတွက် နှစ်ပတ်စာပေးမယ့် လူသားချင်း စာနာမှုအကူအညီက အဆင်သင့်ရှိနေပြီး နေပြည်တော်မှာစစ်ကောင်စီနဲ့ ဆွေးနွေးတာကို အခြေခံပြီး ဖြန့်ဖြူးရေးအစီအစဉ် အသေးစိတ်ကို မကြာခင်ထုတ်ပြန်မယ်လို့ UNOCHA ရဲ့ မေ ၂၁ ရက်ကြေညာချက်မှာ ပါရှိပါတယ်။

346144010_200120629615419_2214192467464316787_n.jpg
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာမှာ သောက်သုံးရေခပ်နေကြသည့် ဒေသခံများကို ၂၀၂၃၊ မေလ ၂၂ ရက်နေ့က မြင်တွေ့ရစဉ်။ (Photo:RFA)

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာတစ်သန်း ပံ့ပိုးဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

အမေရိကန်အစိုးရကလည်း ဆိုင်ကလုန်းကြောင့် ပျက်စီးသွားတဲ့နေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ အမေရိကန်ဒေါ်လာနှစ်သိန်း ( မြန်မာကျပ်ငွေသိန်းလေးထောင်ကျော်)ကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ပေးမယ်လို့ အမေရိကန်သံရုံးက မေလ ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။