စစ်ကောင်စီအပေါ် လုံခြုံရေးကောင်စီရဲ့တိုက်တွန်းချက် တရုတ်ဘဝင်မကျ

RFA Burmese
2022.12.22
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီအပေါ် လုံခြုံရေးကောင်စီရဲ့တိုက်တွန်းချက် တရုတ်ဘဝင်မကျ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးဆွေးနွေးပွဲ တက်ရောက်လာသော ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ် Zhang Jun။
AFP

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအတွက်ဆုံးဖြတ်တဲ့အခါမှာ အမြဲတမ်းသတိကြီးကြီးနဲ့ဆောင်ရွက်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ် Zhang Jun က ပြောလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ တိုက်တွန်းကြောင်း လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ၇၄ နှစ်အတွင်း လုံခြုံရေးကောင်စီရဲ့ပထမဆုံးဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ ဒီတိုက်တွန်းချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်က Global Times သတင်းစာကို ပြောဆိုလိုက်တာပါ။

လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ မြန်မာဆိုင်ရာဆုံးဖြတ်ချက် မူကြမ်းကို တရုတ်ပြည်အနေနဲ့ စိုးရိမ်မကင်းရှိနေဆဲဖြစ်ပါတယ်။

မြန်မာ့ပြဿနာက အလွယ်တကူ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တဲ့ကိစ္စ မဟုတ်သလို ပြင်ပက ဝင်ရောက်စီမံဆောင်ရွက်နိုင်တာလည်း မဟုတ်တဲ့ အကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေဟာအချိန်ယူပြီး စိတ်ရှည်သည်းခံမှုနဲ့ လက်တွေ့ကျမှုတွေ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မှန်ကန်တဲ့လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေး၊ အားလုံးပါဝင်တဲ့ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုတွေ ဖော်ဆောင်ပေးဖို့ လိုအပ်ကြောင်း တရုတ်သံအမတ် Zhang Jun က ပြောပါတယ်။

“လုံခြုံရေးကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်တွေအတွက် အမြဲတမ်းသတိကြီးကြီးထားဖို့လိုအပ်ပါတယ်။ လစ်ဗျားနိုင်ငံကိစ္စနဲ့ တခြားကမ္ဘာ့အရေးကိစ္စတွေမှာ လုံခြုံရေးကောင်စီက အဆင်အခြင်မဲ့ ဆောင်ရွက်ခဲ့တာမျိုးတွေ ဖြစ်တဲ့ ဖိအားပေးတာ ဒါမှမဟုတ် အရေးယူပိတ်ဆို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုလုပ်တာဟာ ပဋိပက္ခပိုဖြစ်စေတယ်၊ ထိပ်တိုက်ရင်ဆိုင်မှု ပိုဖြစ်စေတယ်၊ အခြေအနေကို ပိုရှုပ်ထွေးစေတယ် ” လို့ တရုတ်ကိုယ်စားလှယ်က ပြောပါတယ်။

လုံခြုံရေးကောင်စီ တိုက်တွန်းချက်ပေါ်ထွက်လာဖို့အတွက် ဗြိတိန်နိုင်ငံက ဦးဆောင်ခဲ့ပြီး စစ်ကောင်စီနဲ့မဟာမိတ်ဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံခြားရေးဌာနက ကြိုဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။