အကြမ်းဖက်မှုတွေရပ်ဖို့ အမေရိကန်နဲ့ ၆ နိုင်ငံ စစ်ကောင်စီကို ထပ်မံတိုက်တွန်း

2021.11.27
အကြမ်းဖက်မှုတွေရပ်ဖို့ အမေရိကန်နဲ့ ၆ နိုင်ငံ စစ်ကောင်စီကို ထပ်မံတိုက်တွန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာပြည်မှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်ရှိလာနိုင်တဲ့အတွက် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အမေရိကန် အပါအဝင်ကမ္ဘာ့ထိပ်သီး ၇ နိုင်ငံက စစ်ကောင်စီကို မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ပူးတွဲ ကြေညာချက်ထုတ်ပြီး ထပ်မံတိုက်တွန်းလိုက်ပါတယ်။

အဲဒီနိုင်ငံတွေကတော့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေနဲ့ တောင်ကိုရီးယား တို့ဖြစ်ပါတယ်။ မြန်မာစစ်တပ်က နိုင်ငံအနှံ့အပြားမှာ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့် အရေးချိုးဖောက်မှု သတင်းတွေကို ကြားသိနေရတဲ့အတွက် အထူးစိုးရိမ်ပူန်တဲ့အကြောင်း ထပ်လောင်းပြောဆို လိုက်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ချင်း၊ စစ်ကိုင်း၊ မကွေးတို့မှာဖြစ်ပွားနေတဲ့ အကြမ်းဖက် ပစ်ခတ်သတ် ဖြတ်မှုတွေ၊ ထန်တလန်မြို့မှာ နေအိမ်တွေကို မီးရှို့တာတွေကိုလည်း အဓိက ထောက်ပြထားပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုဝင်ဘာလ ၁၀ ရက်နေ့မှာ တောင်းဆိုထားတဲ့ အကြမ်းဖက်မှု တွေချက်ချင်းရပ်ဖို့၊ အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့၊ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီတွေ ပေးခွင့်ကို အပြည့်အဝခွင့်ပြုဆိုတဲ့ အချက်တွေကို ကြိုဆိုတယ်လို့ ၇ နိုင်ငံ ပူးတွဲကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

"ပြည်သူတွေက ဆက်တိုက်သွားတော့မှာပါ"

ဒါကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေရပ်အောင် ဆောင်ရွက်ဖို့အတွက် မြန်မာစစ်တပ်ကို စစ်လက်နက် ပစ္စည်း ရောင်းနေတာတွေရပ်ဖို့၊ နည်းပညာထောက်ပံ့နေတာတွေ ဆက်မလုပ်ဖို့ အမေရိကန်နဲ့ ၆ နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။ အဲဒီအပြင် မြန်မာပြည်မှာ နောက်ထပ်ဖြစ်လာနိုင်မယ့် ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်ဆိုးတွေကနေ ကာကွယ်နိုင်ဖို့နဲ့ အဲဒီလို ဖြစ်ရပ်ဆိုးတွေအတွက် တာဝန်ရှိတဲ့သူ တွေကို ခုံရုံးတင်အရေးယူနိုင်ဖို့ အတူတကွ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့လည်း ၇ နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မှာဆိုရင် လွန်ခဲ့တဲ့ ဧပြီလကတည်းက မြန်မာစစ်တပ်ကို ခုခံတော်လှန်မှုတွေ ရှိနေခဲ့တာပါ။ လက်ရှိမှာဆိုရင် စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေက ကားလမ်းတွေ အပြန်အလှန် ပိတ်ဆို့ကြတာမျိုးတွေ ရှိနေပါတယ်။

စစ်ကောင်စီတပ်တွေဘက်က လမ်းတွေပိတ်ပြီး ရိက္ခာတွေဖြတ်တာ၊ ထိုးစစ်ဆင်နေတာရှိတယ်လို့ မတူပီ CDF တပ်ရင်း (၂) က ကိုရေဂင်က ပြောပါတယ်။

“အခုလောလောဆယ်က ဒီအတိုင်းဆို တစ်လ၊ နှစ်လအတွင်း ချင်းပြည်နယ်က စစ်သားတွေ စားစရာရှိမှာ မဟုတ်တော့ဘူး။ စားစရာရှိရင်တောင် ဟယ်လီကော်ပတာနဲ့ဖြစ်ဖြစ် လေကြောင်းနဲ့ ပို့ပေးရတဲ့ အခြေ အနေဖြစ်သွားနိုင်တယ်။ သူတို့ဘက်ကနေ ထိုးစစ်ဆင်လာလိမ့်မယ်လို့တော့ စိတ်ထဲမှာထင်တယ်။ သူတို့ စားနပ်ရိက္ခာ ပြတ်သွားရင်လေ။ လေကြောင်းကနေ အဲဒီလိုမျိုးတွေအထိ ဖြစ်လာနိုင်တယ်ပေါ့”

အဲဒီအပြင် ချင်းပြည်နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ နှစ်လနီးပါးရှိနေပါပြီ။ မတူပီ မြို့နယ်ထဲမှာလည်း လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားတာတွေကြောင့် ကုန်ဈေးနှုန်းတွေ တက်နေပါ တယ်။

ဒီအတောအတွင်းမှာပဲ နိုဝင်ဘာ ၁၁ ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အာလွယ်ရွာမှာ အမျိုးသမီး နှစ်ယောက်ကို စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့ပါတယ်။

အဲဒီအပြင် ထန်တလန်မြို့နယ်မှာ စက်တင်ဘာလကစလို့ ဘုရားကျောင်းအပါအဝင် နေအိမ်တွေ မီးရှို့ခံရတာ အခုချိန်ထိ စုစုပေါင်း အိမ် ၂၅၀ ကျော်အထိ ပျက်စီးဆုံးရှုံးရပါတယ်။

ဒီအဖြစ်တွေရပ်ဖို့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထုတ်ပြန်ချက်ထက်ပိုပြီး လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ ကြိုးပမ်းသင့်တယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“မြန်မာနိုင်ငံဟာ နိုင်ငံတစ်ခုတည်းအနေနဲ့ ရပ်တည်တဲ့နိုင်ငံ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ နိုင်ငံ တကာအဖွဲ့အစည်းရယ်၊ အိမ်နီးနားချင်းရယ်နဲ့ နေတဲ့အပေါ်မှာ စစ်ကောင်စီရဲ့ လုပ်ရပ်ကို နိုင်ငံရေးအရ ထုတ်ပြန်ချက် ထုတ်တာလောက်၊ ဝမ်းနည်းတယ်ဆိုတာလောက်၊ စီးပွားရေး ပိတ်ဆို့မှုလောက်နဲ့တော့ မြန်မာ့နိုင်ငံရေးပြဿနာဖြစ်နေတဲ့ စစ်ကောင်စီကို ဘယ်လိုမှ တွန်းနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် တတ်နိုင်တဲ့နည်းလမ်းနဲ့ စစ်ရေးအရရော၊ နိုင်ငံရေးအရရော မြန်မာပြည်သူတွေရဲ့ လိုလားချက်ကို ထောက်ရှုပြီးတော့ ထဲထဲဝင်ဝင် ဖိဖိစီးစီးပါဝင်ဖို့ကတော့ ကျွန်တော်တို့ရဲ့ ဆန္ဒဖြစ်ပါတယ်”

အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို အကြမ်းဖက်တာတွေရပ်ဖို့ အကြိမ်ကြိမ် တိုက်တွန်း နေပေမယ့်၊ မကွေးတိုင်း၊ ဆောမြို့နယ်မှာဆိုရင် နိုဝင်ဘာ ၁၉ ရက်နေ့မှာ စစ်တပ်က ပထမဆုံးအကြိမ် လေကြောင်းကနေ တိုက်ခိုက်မှုလို့ ပြောလို့ရမယ့် စစ်ရဟတ်ယာဉ်တွေသုံး ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

အဲဒီအပြင် ဒီလထဲမှာပဲ စစ်ကိုင်းတိုင်း ကျွန်းလှ၊ ကောလင်းနဲ့ ပင်လယ်ဘူးမြို့နယ်တွေက တိုက်ပွဲတွေမှာလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို မြန်မာစစ်တပ်က ထုတ်သုံးလာတာရှိပါတယ်။

ဒါကြောင့် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အကြမ်းမဖက်ဖို့ တိုက်တွန်းနေပေမယ့် စစ်ကောင်စီဘက်က လိုက်နာနေမှာ မဟုတ်ဘဲ သူတို့ရဲ့စစ်ဆင်ရေးတွေကိုပဲ ဆက်လုပ်နေမှာလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“နိုင်ငံတကာအနေနဲ့ စစ်ကောင်စီက သူတို့တိုက်တွန်းမှုကို လိုက်မလုပ်ဘူးဆိုရင် ဘယ်လိုဆက်အရေးယူ မလဲဆိုတာ စဉ်းစားပေးရမယ့် ကိစ္စပါ။ ဒါပေမဲ့ နိုင်ငံရေးနည်းနဲ့ မြန်မာပြည်ပြဿနာ ဖြေရှင်းရေးဆိုတဲ့ ကိစ္စက စစ်ကောင်စီရဲ့ သဘောထားရော ပြည်သူလူထုရဲ့ သဘောထားရော မရှိတော့ပါဘူး။ အဲဒီလို မျှော်လင့်ချက်က ပြည်သူတွေဘက်က မရှိတော့ပါဘူး။ ပြည်သူတွေက ဆက်တိုက်သွားတော့မှာပါ။ အဲဒီအပေါ်မှာ မတရားလက်နက်အားကိုးနဲ့ ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ စစ်ဆင်ရေး အစီအစဉ်တွေ ဆက်လုပ်နေတဲ့အချိန်မှာ နိုင်ငံတကာက စစ်ကောင်စီပေါ်မှာ ဘယ်လိုသဘောထား ထားပြီးတော့ မြန်မာပြည်အရေးမှာ ဘယ်လိုပါဝင် ဖြေရှင်းမလဲဆိုတာ သူတို့ဘာသာ စဉ်းစားရမယ့်ကိစ္စလို့ ကျွန်တော် ထင်ပါတယ်ခင်ဗျ”

thantlang-fire.jpg
(ချင်းပြည်နယ် ထန်တလန်မြို့ မီးရှို့ခံထားရတာကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ် - Photo: AFP)

စစ်ကောင်စီတပ်တွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတချို့မှာ လေကြောင်းကတဆင့် စစ်အင်အားဖြည့်နေတာမျိုး ရှိပါတယ်။ ဒါဟာလည်း နေရာတိုင်းအတွက် ရေရှည်လုပ်နိုင်ဖို့ လွယ်မှာမဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က ယူဆပါတယ်။

အခုဆိုရင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်မှုတွေဟာ မြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့အပြားမှာ ဖြစ်နေပြီး ပစ်ခတ်သတ်ဖြတ်မှု သတင်းတွေက နေ့စဉ်ဖြစ်နေတာပါ။

အမေရိကန်၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို အာဆီယံ အသင်းရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလုပ်ပြီး ဒီမို ကရေစီခရီးပြန်လျှောက်ဖို့ တိုက်တွန်းနေတာ ၇ လရှိနေပါပြီ။

စစ်ကောင်စီကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်ပေမယ့် သူတို့ဘက်က အကြမ်းဖက်အဖွဲ့တွေလို့ ကြေညာထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတို့နဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ နိုဝင်ဘာ ၂၆ ရက် မနေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။