ကချင်ပြည်နယ်က မူးယစ်ဆေးဝါး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၆ သန်း အကူအညီပေးသွားမယ်လို့ မနေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
HIV ပိုးကူးဆက်ခံရမှုကနေ တားဆီးနိုင်ဖို့နဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ကယ်တင်နိုင်ဖို့အတွက် USAID အဖွဲ့က အကူညီပေးသွားမှာဖြစ်ပြီး ကချင်ပြည်နယ်အတွင်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးသွားမယ်လို့ ရန်ကုန်က အမေရိကန်သံရုံး ကြေညာချက်အရ သိရပါတယ်။
ဒါ့အပြင် ဒေသခံလူငယ်တွေ မူးယစ်ဆေးဝါး အန္တရာယ်ကနေ ကင်းဝေးစေဖို့အတွက် လိုအပ်တဲ့ အလုပ်အကိုင်နဲ့ လေ့ကျင့်ရေး သင်တန်းတွေကို စီစဉ်ပေးသွားမယ်လို့လည်း USAID အကြီးအကဲရဲ့ ပြောကြားချက်ကို အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် သံအမတ်ကြီးဟာ ဒီလဆန်းပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်လည်ပတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ကူညီထောက်ပံ့သွားမယ့်အကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။