အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုသက်တမ်းကို နောက်ထပ်တစ်နှစ် တိုးမြှင့်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတချို့ရှိနေပေမဲ့၊ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက် မှုတွေက စိုးရိမ်စရာဖြစ်နေသေးသလို၊ အထူးသဖြင့် ရခိုင် ပြည်နယ်နဲ့ အခြား တိုင်းရင်းသားဒေသတွေမှာ စိုးရိမ်ရတဲ့ အခြေအနေမှာပဲရှိနေသေးတဲ့ အတွက် ပိတ်ဆို့မှုသက်တမ်း ထပ်တိုးကြောင်း အိမ်ဖြူတော်က အထက်လွှတ်တော် ကို မနေ့က သောကြာနေ့မှာ အကြောင်းကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု တိုးတက်တဲ့အခြေအနေကို စောင့်ကြည့်ပြီး အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုမူဝါဒကို ဆက်ပြီးသုံးသပ်သွားမယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ Patric Ventrell ကပြောပါတယ်။
