အမေရိကန်က ချီးမြှင့်တဲ့ လူ့အခွင့်အရေးကာကွယ်သူဆု ချင်းတိုင်းရင်းသားရရှိ
2024.12.10
အမေရိကန်ပြည်ထောင်စုက ၂ဝ၂၄ ခုနှစ်အတွက်ပေးအပ်တဲ့ လူ့အခွင့်အရေးကာကွယ်သူဆုကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆလိုင်းမန်ဟင်လျန် ရရှိခဲ့ပါတယ်။
ဒီနှစ်အတွက်ဆုကို မြန်မာ၊ အဇာဘိုင်ဂျန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ဂါနာ၊ ကူဝိတ်၊ အက်စဝါတီနီနဲ့ ကာဂျစ်၊ စုစုပေါင်း ၈ နိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်သူတွေကို ရွေးချယ်ချီးမြှင့်လိုက်တာ ဖြစ်တယ်။
ဆုချီးမြှင့်ပွဲကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ နေ့လယ် ၁ နာရီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် ချီးမြှင့်ခံရတဲ့ ဆလိုင်းမန်ဟင်လျန်နဲ့အဖွဲ့ဟာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ချိန်ကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ထုတ် မှတ်တမ်းတင်နိုင်ခဲ့တဲ့အတွက် ချီးမြှင့်လိုက်တာဖြစ်ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြုစုထားတဲ့ မှတ်တမ်းတွေကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မြန်မာစစ်ခေါင်းဆောင်ကို တရားစွဲဖို့ ထည့်သွင်းနိုင်ခဲ့သလို၊ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလမှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အရေးပါတဲ့ သက်သေအဖြစ် ကူညီပေးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။