မြန်မာပြည်မှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ကြောင်း အမေရိကန်ပြော

RFA Burmese
2024.10.11
မြန်မာပြည်မှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ကြောင်း အမေရိကန်ပြော အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) အား တွေ့ရစဉ်။
RFA

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ မဖြစ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) က အောက်တိုဘာ ၁၁ ရက်နေ့က ပြောလိုက်ပါတယ်။

မြန်မာ့အရေးဆွေးနွေးခဲ့တဲ့ ထိုင်းခရီးစဉ်နဲ့ပတ်သက်ပြီး အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာပြည် လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကို တရားဝင်ကျင်းပဖို့ဆိုတာ တွေးကြည့်လို့ မရဘူးလို့ ပြောခဲ့ပါတယ်။

"နေရာအများစုက တပ်မတော်၊ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး။ ဒါကြောင့် အဲဒီဒေသက လူတွေက အခု သန်းခေါင်စာရင်းကောက်တဲ့လုပ်ငန်းစဉ်မှာ ဘယ်လိုပါဝင်နိုင်မလဲ၊ တရားမျှတပြီး လွတ်လပ်တဲ့လုပ်ငန်းစဉ်တွေမှာ ဘယ်လိုမဲပေးနိုင်မလဲ။ သူတို့ (စစ်ကောင်စီ) အာဏာပြန်ရလာမဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်လာမှာကို စိုးရိမ်ပါတယ်"

ဒါ့အပြင် ရွေးကောက်ပွဲတစ်ရပ်အဖြစ် မှန်းဆကြည့်လို့ရမယ့်အခြေအနေဖြစ်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေကို လေးစားလိုက်နာဖို့၊ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ပြီး အရပ်သားအုပ်ချုပ်ရေးစနစ်နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် စေ့စပ်ဆွေးနွေးအဖြေရှာဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာသတင်းဌာနက မြန်မာစစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို ထိုင်းနိုင်ငံက ထောက်ခံတယ်လို့ အရိပ်အမြွက်ပြောကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ ပြောဆိုဆွေးနွေးခဲ့တာရှိလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံအမတ်ကြီးက ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို အသေးစိတ် ထုတ်ဖော်ပြောဆိုမှာမဟုတ်ကြောင်း၊ ဒါပေမဲ့ နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့အခြေအနေအောက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ အတိုက်အခံတွေအပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုဖို့၊ ဒီလိုအခြေအနေတွေ ရှိလာတာနဲ့တပြိုင်နက် ရွေးကောက်ပွဲကနေ အရပ်သားအုပ်ချုပ်ရေးစနစ် ပေါ်ပေါက်ရေး ဆွေးနွေးမယ့် စကားဝိုင်းစတင်လာနိုင်မှာဖြစ်ကြောင်း သံအမတ်ကြီးက ပြောခဲ့ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့အတွက် လူဦးရေစာရင်းအမှန်ရရှိဖို့ဆိုပြီး နိုင်ငံတစ်ဝန်းမှာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး သန်းခေါင်စာရင်းကောက်ယူနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။