စစ်ကောင်စီ အရေးပေါ်သက်တမ်းတိုးတာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ကြောင်း အမေရိကန်ပြော

RFA Burmese
2024.07.31
စစ်ကောင်စီ အရေးပေါ်သက်တမ်းတိုးတာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ကြောင်း အမေရိကန်ပြော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပစဉ်။
Myanmar Military

စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း နောက်ခြောက်လ ထပ်တိုးလိုက်တာဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို ဆန့်ကျင်တာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ဇူလိုင် ၃၁ ရက်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မက်သရူး မေလာ (Matthew Miller) က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို ပြည်သူတွေ ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ ဆန္ဒကို ဆန့်ကျင်လိုက်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ငြိမ်းချမ်းစွာနဲ့ ပြည်သူကို ကိုယ်စားပြုပြီး ဒီမိုကရေစီစနစ်ဖော်ဆောင်တဲ့ အနာဂတ်မြန်မာနိုင်ငံကို ရှေးရှုနိုင်အောင် သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ဆွေးနွေးဖို့ စစ်ကောင်စီကို တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာလူထုပေါ်အကြမ်းဖက်နေတာကို စစ်ကောင်စီက ရပ်ဆိုင်းရမယ်လို့ ရေးသားထားတဲအပြင် မတရားဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ခွင့်ပြုဖို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြဿနာကို ရှည်ကြာစေရုံသာမက လူသုံးသန်းကျော် ပြည်တွင်းနေရပ်ရွှေ့ပြောင်းရပြီး ထောင်နဲ့ ချီသူတွေ အိမ်နီးချင်းနိုင်ငံတွေမှာ အကာအကွယ်ယူရတဲ့အပြင် သန်းနဲ့ ချီတဲ့ ပြည်သူတွေ ဆင်းရဲတွင်း ကျရောက်စေတယ်လို့ ထောက်ပြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဖက်တွေ၊ မဟာမိတ်တွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဆက်လက်ထောက်ခံ အားပေးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အခြေအနေတွေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် အရေးပေါ် ကာလကို နောက်ထပ် ခြောက်လသက်တမ်းတိုးဖို့ ဇူလိုင်လ ၃၁ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် အားလုံးက အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး စစ်ကောင်စီက အရေးပေါ်ကာလ ခြောက်လသက်တမ်းကို အကြိမ်ကြိမ်တိုးလာခဲ့တာ အခုတစ်ကြိမ်နဲ့ဆို ခြောက်ကြိမ်အထိရှိခဲ့ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။