မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် မန္တလေးတိုင်းအင်န်အယ်လ်ဒီနဲ့ တွေ့ဆုံ

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်ခ်မစ်ချဲဟာ မန္တလေးအင်န်အယ်လ်ဒီတိုင်းရုံးမှာ တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့နဲ့ ဒီနေ့မနက် ၈နာရီကစတင်ပြီး ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပါတယ်။

2012.03.16
derek-mitchell-press-rangoon-305 အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်လ်ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကဏ္ဍတွေမှာ တိုးတက်မှုရှိဖို့ ကိစ္စဟာ အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးမှာ မဖြစ်မနေ အရေးကြီးကြောင်း ပြောကြားသွားသည်။
AFP

အင်န်အယ်လ်ဒီ တိုင်းအောင်နိုင်ရေးကော်မတီဝင် ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးပေါခင်တို့ က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခက်အခဲတွေကို ပြောဆိုရှင်းပြခဲ့တယ်လို့ မန္တလေးတိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင် ဦးမျိုးနိုင်က ပြောပါတယ်။

"ပထမတစ်ခုကတော့ မဲစာရင်းကူးခွင့်ပေးတဲ့အချိန် အရမ်းနည်းတယ်ဆိုတာ နောက်တစ်ခုက အဲဒီမဲစာရင်းတွေထဲမှာ အမှားအများဆုံးဖြစ်နေတာ အဲဒါတွေကို ပြုပြင်နိုင်ဖို့အတွက် လုံလောက်တဲ့ အချိန်နည်းနေတယ်။ နောက် တချို့နယ်တွေမှာ စည်းရုံးဖို့ အခက်အခဲရှိတဲ့ဟာလေးတွေပေါ့၊ ကျေးရွာတစ်ရွာမှာ သံဃာတော်တစ်ပါးရှိတယ်၊ သြဇာအာဏာရှိတယ်ပေါ့ ဒါပေမဲ့ အဲဒီဆရာတော်က အင်န်အယ်လ်ဒီကလာရင် သူ့ရွာကို မလာပါနဲ့လို့ အဲလို ပိတ်တာတွေ ဘာတွေရှိတယ်။ ဒီအဖွဲ့နဲ့ပတ်သက်ပြီးတော့ တားတာပြုတာလေးတွေ ကျေးရွာတွေမှာ ရှိနေတယ်ပေါ့၊ အရင်တုံးက သူတို့ကျေးဇူးရှိတဲ့ဟာလေးတွေ တုံ့ပြန်တာတွေရှိတယ်။ အဲဒါလေးတွေလဲ ပြောပြဖြစ်တယ်ပေါ့"

ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးပေါခင်တို့က သူတို့ရဲ့အခက်အခဲတွေကို ရှင်းပြခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်ခ်မစ်ချဲကလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တုံ့ပြန်ဆွေးနွေးခဲ့တယ်လို့ ဦးမျိုးနိုင်က ဆက်ပြောပါတယ်။

" ရန်ကုန်မှာ ရရှိထားတဲ့သတင်းတွေ မဟုတ်ပဲနဲ့ ဒီလိုမြို့တွေမှာ လိုက်ပြီးလေ့လာရတာပါတဲ့၊ မဲဆွယ် စည်းရုံးရတဲ့ အခြေအနေတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အခြေအနေတွေ သိချင်လို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လာတာပါ။ သူတို့ဘက်က အဓိက ပြောဆိုတာကတော့ ပြည်ထောင်စုကော်မရှင်မှာ ထင်ထားတာထက် ယခင်အခြေအနေထက် ပိုကောင်းလာတာပေါ့၊ ဒါပေမဲ့ အောက်ခြေမှာရှိတဲ့ တိုင်းကော်မရှင်တွေ ရပ်ကျေးကော်မရှင်တွေမှာ ကျနော်တို့ အခုတင်ပြတဲ့အပေါ်မှာ ဒီအခက်အခဲတွေဟာ သူတို့သိပ်မကြိုက်ဖူးလို့ သူတို့တုံ့ပြန်တယ်"

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးတိုင်းအင်န်အယ်လ်ဒီ အောင်နိုင်ရေးကော်မတီနဲ့ တွေ့ဆုံပြီးတဲ့နောက် ဒီနေ့မှာပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။

မန္တလေး အင်န်အယ်လ်ဒီအဖွဲ့ဟာ အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ် ဒဲရစ်မစ်ချယ်နဲ့ တွေ့တာ ဒါပထမဆုံးအကြိမ် ဖြစ်ပေမဲ့ အမေရိကန်သံအမတ်တွေနဲ့တော့ မကြာခဏ တွေ့ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။