ရိုဟင်ဂျာအရေး ဂမ်ဘီယာရဲ့လုပ်ဆောင်ချက်ကို အမေရိကန် ချီးကျူး

ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးနိုင်ခဲ့တာဟာ အပြုသဘောဆောင်တဲ့ အောင်မြင်မှု တစ်ခုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မိုက်ခ် ပွန်ပီယိုက မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCIRF က ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်မရှိတဲ့ စိုးရိမ်ပူပန်ရတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်ပြီး သတ်မှတ်ထားတာ တွေ့ရပါတယ်။

၀ါရှင်တန်ဒီစီမှာ မနေ့က ပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ်အတွက် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ တိုးပွားနေတာ တွေ့ရကြောင်းနဲ့ အခုနှစ် ကိုရိုနာကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ တိုးလာတာတွေ့ရကြောင်း နိုင်ငံခြားရေး၀န်ကြီး မိုက်ပွန်ပီယိုက ပြောခဲ့ပါတယ်။

အခုနှစ်မှာ အမေရိကန်အစိုးရက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် မဟာမိတ်အဖွဲ့ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အိုင်စီဂျေ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး ဒါဟာ ရဲဝံ့တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မိုက်ခ် ပွန်ပီယိုက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုလစောပိုင်းကတင်ပဲ အမေရိကန် အစိုးရအဖွဲ့ တစ်ခုလုံးအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ တိုးတက်အောင် ဦးစားပေးလုပ်ဆောင်ဖို သီးသန့် ညွှန်ကြားချက် တစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဌာန အနေနဲ့လည်း အခုနှစ်မှာ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သလို၊ အမေရိကန်သံတမန်တွေကို ဘာသာရေး လွတ်လပ်ခွင့်အရေးနဲ့ ပတ်သက်လို့ နက်နက်နဲနဲ နားလည်သိရှိစေဖို့ သင်တန်းပို့ချနေတယ် နေတယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီး မိုက်ခ် ပွန်ပီယိုက ပြောခဲ့ပါတယ်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samuel Brownback က ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ
အခုနှစ်အတွင်း ရိုဟင်ဂျာ အကျဉ်းသား တစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

၂ဝ၁၉ အတွက် ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ အီရန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗီးယားနဲ့ ဗီယက််နမ် စတဲ့ နိုင်ငံတွေနဲ့အတူ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ပူပန်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်လက်ထည့်သွင်းထားဖို့ အမေရိကန်အစိုးရကို အကြံပြုထားပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCIRF ရဲ့ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ နိုင်ငံအနှံ့ ဆက်ဖြစ်နေပြီး၊ အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ချိုးဖောက်ခံနေရကြောင်း၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသက ခရစ်ယာန် ဘာသာဝင်တွေ အပေါ်မှာလည်း တပ်မတော်နဲ UWSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိနှိပ်မှုတွေ ကြုံခဲ့ရကြောင်း၊ မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ လူမှုကွန်ရက် မီဒီယာတွေမှာ လူနည်းစုတွေနဲ့ ပတ်သက်ပြီး သတင်းအမှား ဖြန့်ချိမှုနဲ့ အမုန်းစကား ဖြန့်ချိမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်နေတာတွေ့ရကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ တပ်မတော်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့နဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်း ရှိမရှိ တရားဝင် ထုတ်ပြန်ပေးဖို့လည်း အကြံပြုထားပါတယ်။