မြန်မာကုမ္ပဏီနှစ်ခုကို အမေရိကန် ဒဏ်ခတ်အရေးယူ
2024.12.12
မြန်မာစစ်တပ်ကို အကူအညီပေးနေတဲ့ မြန်မာကုမ္ပဏီနှစ်ခုကို အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်တယ်လို့ လန်ဒန်အခြေစိုက် Asia Financial မီဒီယာဂရုက ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဖော်ပြပါတယ်။
မြန်မာကုမ္ပဏီတွေဖြစ်တဲ့ Sky Aviator နဲ့ Syntax Shwe နှစ်ခုကို အရေးယူလိုက်တာလို့ ဆိုပါတယ်။
ဒီကုမ္ပဏီနှစ်ခုဟာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းအစိတ်အပိုင်းတွေ ပံ့ပိုးပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
မြန်မာကုမ္ပဏီနှစ်ခုအပြင် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ တရုတ် ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Sichuan Silence Information Technology ကုမ္ပဏီကိုလည်း အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကုမ္ပဏီဟာ ၂၀၂၀ ဧပြီလက အန္တရာယ်ရှိတဲ့ ဆော့ဖ်ဝဲလ်တွေကို ကုမ္ပဏီထောင်ပေါင်းများစွာအတွက် ဝန်ဆောင်ပေးနေတဲ့ ဆိုက်ဘာလုံခြုံရေးစနစ် ရှစ်သောင်းကျော်မှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကုမ္ပဏီနှစ်ခုနဲ့ ခရိုနီလို့ ခေါ်တဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် လေးယောက်ကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ခဲ့ပါတယ်။