မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ခန့်အပ်တာဝန်ပေး

အမေရိကန်သမတ ဘာရက် အိုဘားမားဟာ လက်ရှိ ပင်တဂွန်စစ်ဌာနချုပ်က အရာရှိတဦးဖြစ်သူ မစ္စတာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ပြင်ဆင်နေပါတယ်။

2011-04-11
Share
derek_mitchell_200_z
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒု-လက်ထောက် ကာကွယ်ရေးဝန်ကြီး Derek J. Michell ဖြစ်ပါသည်။ (Photo: US Department of State)
Photo: US Department of State
မစ္စတာ Derek Mitchell ဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဖြစ်ပါတယ်။ သူဟာ လက်ရှိ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့ အရေးယူမှုကို ထောက်ခံသလို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထောက်ခံလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲအတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးပေးမှုရအောင် အမေရိကန် အထူးသံကိုယ်စားလှယ် အနေနဲ့ ကြိုးစားသွားမဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်နီးခြင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုထားသလို အိမ်နီးချင်း အိန္ဒိယ နဲ့ တရုတ်နိုင်ငံတွေကလည်း မြန်မာအစိုးရနဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နေတာ ဖြစ်တဲ့အတွက် အမေရိကန် အထူးကိုယ်စားလှယ်အတွက် အခက်အခဲတွေ ရင်ဆိုင်ရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

တကယ်လို့ သမတ အိုဘားမားက မစ္စတာ မစ်ချဲလ်ကို အထူးသံကိုယ်စားလှယ်အဖြစ် သတ်မှတ်လိုက်ပြီးရင် အထက်လွှတ်တော်က အပြီးသတ် အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ မစ္စတာ မစ်ချဲလ်ဟာ တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူတဦး ဖြစ်ပြီး အာရှနိုင်ငံ အတွေ့အကြုံတွေ ရှိသူ တဦး ဖြစ်ပါတယ်။ သူ့ကိုခန့်အပ်မဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းဌာနတွေကိုတော့ တစုံတရာ မပြောဆိုသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့