မြန်မာစစ်တပ်ကိုဒဏ်ခတ်ရေး ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ တင်သွင်း
2021.10.06
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ၊ နယူးယောက်ပြည်နယ် လွှတ်တော်အမတ် Gregory Meeks ၊ အောက်လွှတ်တော် အာရှပစိဖိတ်ရေးရာ ဆပ်ကော်မတီအဖွဲ့ဝင် အိုဟိုင်းအိုးပြည်နယ် အမတ် Steve Chabot နဲ့ မေရီလန်းပြည်နယ် အထက်လွှတ်တော် အမတ် ဘင်ကာဒင်တို့ ပူးပေါင်းပြီး “ Burma Unified through Rigorous Military Accountability Act of 2021” ဒါမှမဟုတ် Burma Act လို့ နာမည်ပေးထားတဲ့ ဥပဒေမူကြမ်းကို အောက်တိုဘာလ ၅ရက်က တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်းထဲမှာ ဖေဖော်ဝါရီလ ၁ရက်နောက်ပိုင်း ဖြစ်ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူနဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့၊ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်ဖို့၊ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အမေရိကန်အစိုးရဌာနတွေနဲ့ နိုင်ငံတကာက ကြိုးပမ်းအားထုတ်မှုတွေကို စုစည်းဆောင်ရွက်ပေးမယ့် အထူး ညှိနှိုင်းရေးမှုး တစ်ဦးကို နိုင်ငံခြားရေးဌာနကနေ ခန့်အပ် တာဝန်ပေးဖို့၊ မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ဖို့ နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရှိလာအောင် အမေရိကန် နိုင်ငံက ဖိအားပေးသွားဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံရောက် မြန်မာတွေအကြားမှာ Burma Bill လို့လည်း သိထားကြတဲ့ ဒီဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်မှာ အမတ်အများစုရဲ့ ထောက်ခံမှုရရှိပြီး အတည်ပြုပြဌာန်းနိုင်ဖို့ စည်းရုံးလှုံ့ဆော် နေတဲ့ Campaign for New Myanmar အဖွဲ့က မိုက်ကယ်ဟဘ်ကတော့ အခုတင်သွင်းလိုက်တဲ့ ဥပဒေကြမ်းမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို အသိအမှတ်ပြုဖို့ နဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူဖို့ အချက်တွေ ပါမလာတာကလွဲရင် ပြည့်စုံပြီး ထိရောက်မှုရှိကြောင်း ပြောပါတယ်။
“အခုတင်သွင်းလိုက်တဲ့ ဥပဒေကြမ်းဟာ တော်တော်လေးကျယ်ပြန့်ပြီး မြန်မာ့အရေးနဲ့ပတ်သက်ရင် အကြောင်းအရာ တော်တော်များများကို ခြုံငုံမိပါတယ်။ MOGE ကို ပိတ်ဆို့အရေးယူတာနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနအနေနဲ့ ဖြစ်နိုင်ချေကို စုံစမ်းစစ်ဆေးပြီး အောက်လွှတ်တော်ကို ပြန်လည်တင်ပြဖို့ ပြောထားပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရတဲ့ ငွေတွေဟာ မြန်မာစစ်တပ်အတွက် ကြီးမားတဲ့ ဝင်ငွေရင်းမြစ် ဖြစ်တဲ့အတွက် ဒီအပိုင်းကို ဖြတ်တောက်ဖို့ ကျွန်တော်တို့အဖွဲ့က တောင်းဆိုထားတာ ဖြစ်ပါတယ်။ နောက်ပြီး အမေရိကန် ရောက်မြန်မာတွေက NUG အစိုးရက တရားဝင်အသိအမှတ်ပြုပေးတာ မြင်ချင်ကြပါတယ်။ ဒီဥပဒေထဲမှာ NUG နဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ထည့်ထားပေမဲ့ တရားဝင် အသိအမှတ်ပြုဖို့တော့ မပါပါဘူး။ ”
ဝါရှင်တန်ဒီစီအခြေစိုက် Campaign for New Myanmar အဖွဲ့ဟာ ဒီ Burma Act ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်လုံးမှာ ထောက်ခံမှုရပြီး ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ လွှတ်တော်အမတ်တွေကို သွားရောက်တွေ့ဆုံပြီး စည်းရုံးတာနဲ့ အမေရိကန်ရောက်မြန်မာတွေအနေနဲ့ သက်ဆိုင်ရာ ပြည်နယ် ကိုယ်စားပြု လွှတ်တော် အမတ်တွေကို ဆက်သွယ်ပြီး ဒီဥပဒေကြမ်းကို ထောက်ခံမဲပေးဖို့ တိုက်တွန်းနှိုးဆော်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီ Burma Act ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ International Campaign for Rohingya အဖွဲ့က ဆိုင်မွန် ဘေးလ်နက်စ် ကတော့ ဒီ ဥပဒေမူကြမ်းမှာပါတဲ့အတိုင်း ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုအဖြစ် တရားဝင် သတ်မှတ်နိုင်မယ်ဆိုရင် ဒီဥပဒေမှာ ပါပြီးသား မြန်မာစစ်တပ်ကို အရေးယူမယ့် လုပ်ဆောင်ချက်တွေအပြင်၊ ပိုမိုပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ထပ်ပြီး ချမှတ်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
“မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း တရားဝင် သတ်မှတ်နိုင်မယ်ဆိုရင် မြန်မာစစ်တပ်အပေါ်မှာ ပိုမိုကျယ်ပြန့်ပြီး ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်က လက်မှတ်ထိုးထားတဲ့ Genocide Convention အရ ဆိုရင် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ နိုင်ငံတွေကို အပြစ်ပေးဖို့နဲ့ ထပ်မဖြစ်အောင် တားဆီးဖို့ လက်မှတ်ထိုးထားတဲ့ နိုင်ငံအားလုံးမှာ တာဝန်ရှိတယ်လို့ ပါဝင်ပါတယ်။ ဒီ သဘောတူညီချက်အရ ဆိုရင် ရိုဟင်ဂျာတွေအတွက်တင် မကတော့ဘဲ တခြား လူနည်းစုတွေနဲ့ ဗမာတွေအပေါ်မှာ မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ရပ်တန့်အောင်လုပ်ဖို့ တာဝန်ရှိမှာဖြစ်ပါတယ်”
ဒီဥပဒေကြမ်းမှာ NUG ကို တရားဝင်အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံဖို့ မပါဝင်ပေမဲ့ အနာဂတ်မှာ တရားဝင် အသိအမှတ်ပြုမယ့် လမ်းကြောင်း ဖွင့်ပေးလိုက်တဲ့ အကြောင်းအရာအချို့ကို ထည့်သွင်းထားတာ တွေ့ရတယ်လို့ ဆိုင်မွန် ဘေးလ်နက်စ် က ပြောပါတယ်။

ဒီ Burma Act ဥပဒေကြမ်းဟာ အမေရိကန်အောက်လွှတ်တော်မှာ ပါတီနှစ်ရပ်လုံးက ထောက်ခံမှု ရရှိထားပြီး၊ အထက်လွှတ်တော်မှာတော့ ရီပတ်ဘလစ်ကန် ပါတီအမတ်တွေဘက်က ထောက်ခံမှုရဖို့ ဆက်လက်ကြိုးစားရမှာ ဖြစ်တယ်လို့ Campaign for New Myanmar အဖွဲ့က သုံးသပ်ပါတယ်။
“’အောက်လွှတ်တော်မှာတော့ ဒီဥပဒေကြမ်းကို ပါတီနှစ်ရပ်လုံးက အားပေးထောက်ခံမှု ရထားပြီးပါပြီ။ အခုလည်း အောက်လွှတ်တော်က အရှိန်အဝါအရှိဆုံး ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အမတ်တွေ ပူးပေါင်းပြီး ဒီဥပဒေကို တင်သွင်းခဲ့တာကြည့်ရင် သိနိုင်ပါတယ်။ အထက် လွှတ်တော်မှာတော့ ပါတီနှစ်ခုလုံးရဲ့ ထောက်ခံမှုရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အကြောင်းတစ်ခုက အခုအချိန်မှာ အမေရိကန်ရဲ့ အဓိက နိုင်ငံရေးပါတီ နှစ်ခုအကြားမှာ တော်တော်လေး စိတ်ဝမ်းကွဲနေတဲ့အချိန် ရောက်နေတာကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း အမေရိကန်ရောက် မြန်မာတွေ အများစု နေထိုင်ကြတာက ကယ်လီဖိုးနီးယားနဲ့ နယူးယောက်လို ဒီမိုကရက် အမတ်တွေ ကိုယ်စားပြုတဲ့ပြည်နယ် ဖြစ်နေပါတယ်။ ဒါကြောင့် ရီပတ်ဘလစ်ကန်အမတ်တွေရဲ့ ထောက်ခံမှုက အားနည်းနေပါတယ်။ တက္ကဆပ် နဲ့ အင်ဒီယားနားလို ရီပတ်ဘလစ်ကန် အမတ်တွေ ကိုယ်စားပြုတဲ့ ပြည်နယ်တွေက မြန်မာတွေ အနေနဲ့လည်း သက်ဆိုင်ရာ အမတ်တွေကို ဆက်သွယ်ပြီး ဒီဥပဒေကြမ်းကို ထောက်ခံပေးဖို့ တောင်းဆိုကြဖို့ လိုပါတယ်။ အဆုံးသတ်မှာတော့ သက်ဆိုင်ရာပြည်နယ်တွေက မဲဆန္ဒရှင်တွေရဲ့ တောင်းဆိုမှုက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ”
ဆီးနိတ်လို့ခေါ်တဲ့ အမေရိကန် အထက်လွှတ်တော်မှာ အမတ်ပေါင်း ၁၀၀ ရှိတဲ့အထဲမှာ ရီပတ်ဘလစ်ကန် ပါတီ အမတ် ၅၀၊ ဒီမိုကရက် အမတ် ၄ဂဦးနဲ့ တသီးပုဂ္ဂလိက အမတ် ၂ ဦးပါဝင်ပြီး၊ အခုတင်သွင်းလိုက်တဲ့ Burma Act ဥပဒေကြမ်း အတည်ပြုနိုင်ဖို့ ရီပတ်ဘလစ်ကန် အမတ်တွေရဲ့ ထောက်ခံမှုကို ရရှိဖို့ ဆက်လက်ပြီး စည်းရုံးလှုံ့ဆော်သွားမယ်လို့ မိုက်ကယ် ဟာ့ဘ်က ပြောပါတယ်။