ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းကိစ္စကို မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။
ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဒီကနေ့ အစီရင်ခံစာတင်သွင်းရာမှာ ပြင်ဆင်တဲ့ ဥပဒေကြမ်းထက် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီနဲ့ ပူးပေါင်းဆွေးနွေးဖို့သာ အဓိကပါဝင်တယ်လို့ ပြောဆိုခဲ့တာအပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်တာတွေလည်းရှိပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ၂ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တဦးက လွှတ်တော်တွင်းမှာ ဆွေးနွေးခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် လွှတ်တော်နာယကက ခွင့်မပြုခဲ့ပါဘူး။
ဒီကနေ့ တင်သွင်းတဲ့ အစီရင်ခံစာကို ဆွေးနွေးလိုသူ ကိုယ်စားလှယ်တွေဟာ လာမယ့် မတ်လ ၇ ရက်နေ့ နောက်ထားပြီး စာရင်းပေးဖို့ကိုလည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
