ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဇွန်လဒုတိယအပတ်မှာ ဗဟိုကော်မတီအစည်းအဝေးကျင်းပဖို့ပြင်ဆင်နေပါတယ်။ အဲဒီအစည်းအဝေးကနေ နောက်ငါးနှစ်သက်တမ်းမှာ ပါတီကိုဦးဆောင်မယ့် ဥက္ကဋ္ဌအပါအဝင် ဗဟိုအလုပ်မှုဆောင်အဖွဲ့အသစ်ကို ပြန်လည်ရွေးချယ်သွားဖို့ ရှိနေပါတယ်။
ခေါင်းဆောင်ပိုင်းအပြောင်းအလဲရှိ၊ မရှိဆိုတာကတော့ လက်ရှိဥက္ကဋ္ဌနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြန်ပြီးအရွေးခံ၊ မခံဆိုတာနဲ့ ဗဟိုကော်မတီဝင်တွေရဲ့ မဲပေးရွေးချယ်မှုပေါ်မှာမူတည်လိမ့်မယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က RFA ကိုပြောပါတယ်။
“ ပြန်လည်ရွေးချယ်တာဝန်ပေးမှုကို အတည်ပြုတာတွေ၊ ပြန်လည်သုံးသပ်တာတွေ၊ ရှေ့လုပ်ငန်းစဉ် ချမှတ်တာတွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ ကျနော်တို့ပြောရမှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပမယ်ဆိုတော့လည်း ထင်မြင်ချက်မျိုးစုံ၊ ဝေဖန်မှုမျိုးစုံတွေ ကျနော်တို့ ကြားပါတယ်။ လက်ရှိတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ဆက်လက်ဆောင်ရွက်မလား။ ရွေးချယ်ခံရမလား။ အပြောင်းအလဲတွေရှိမလား ဆိုတာက အစည်းအဝေးရဲ့ဆုံးဖြတ်ချက်ထွက်လာမှ သိမှဖြစ်တဲ့အတွက် ကြိုတင်ပြီးပြောဖို့တော့ ခက်ပါတယ် ခင်ဗျ။”
ပါတီရဲ့မူအရ ငါးနှစ်တစ်ကြိမ် ညီလာခံကျင်းပရမှာဖြစ်ပြီး၊ ညီလာခံကနေခေါင်းဆောင်အပြောင်းအလဲကို ရွေးချယ်ဖို့ဆုံးဖြတ်ထားပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေအရ လူစုလူဝေးလုပ်ဖို့ ခက်လို့ ဗဟိုကော်မတီအစည်းအဝေးကိုသာ ကျင်းပရတာလို့ ဆိုပါတယ်။
တပ်မတော်မှာ ဗိုလ်မှူးချုပ်ရာထူးအထိတာဝန်ရှိခဲ့တဲ့ ဦးသန်းဌေးက လက်ရှိ USDP ပါတီဥက္ကဋ္ဌဖြစ်သလို၊ ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးလှထွန်းက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဒုတိယအကြိမ်ကျင်းပတဲ့ ပါတီညီလာခံကနေ လက်ရှိအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်ထားတာလို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

ပါတီဘက်က ဒီလိုပြောပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းအပါအဝင် သူနဲ့ ရင်းနှီးတဲ့ခေါင်းဆောင်အဆင့် ၁၀ ဦးကျော်ကို ဖြုတ်ချပြီး ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေးကို ရွေးချယ်ခဲ့တာဟာ ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ခဲ့တာမဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက မှတ်ချက်ပြုပါတယ်။
“ ဒီမိုကရေစီနည်းကျ လျှို့ဝှက်မဲနဲ့လုပ်တာမျိုးဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဘယ်ပုံစံလုပ်မလဲတော့ မသိဘူး။ အရင်ကတော့ ကျနော်တို့သိခဲ့သလောက်က ဦးသန်းဌေးကို ဥက္ကဋ္ဌအဖြစ်နဲ့ တင်ထားတာတို့၊ ဦးရွှေမန်းကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တာတို့ အဲ့ဒါတွေကတော့ ဒီမိုကရေစီနည်းလမ်းကျတော့ မဟုတ်ဘူး။”
USDP ဗဟိုကော်မတီအစည်းအဝေးကနေ ခေါင်းဆောင်ပိုင်းအပြောင်းအလဲရှိတယ်ဆိုရင်တောင် ပါတီနဲ့ စစ်တပ်ကြား ဆက်နွှယ်တဲ့မူဝါဒတွေကတော့ အပြောင်းအလဲကြီးကြီးမားမားရှိနိုင်မှာ မဟုတ်ဘူးလို့ ဦးရဲထွန်းက ယူဆပါတယ်။
တစ်ဖက်မှာလည်း USDPဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးအင်အားစုအနေနဲ့ ဆက်လက်ရပ်တည်မလား၊ လူထုအမြင်ကို ဖော်ပြတဲ့ပါတီအနေနဲ့ ပြောင်းလဲရပ်တည်မလားဆိုပြီး ပါတီတွင်းသဘောထားကွဲလွဲမှုတွေ ရှိနိုင်တယ်လို့ ယူဆသူတွေ ရှိပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို စစ်တပ်ရဲ့ ကျောထောက်နောက်ခံပါတီအဖြစ်ကနေ လက်လွှတ်ခံမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။
“ပါတီထဲမှာလည်း စစ်ကောင်စီရဲ့လုပ်ငန်းတွေအပေါ် သဘောမကျတဲ့ အင်အားစုတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ မနိုင်နိုင်အောင် သူ့အနေနဲ့ အားပေးမယ်။၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သူတို့ရယူထားတဲ့ နေရာ ၂၅ ရာခိုင်နှုန်းရှိတယ်။ ဒါ့ကြောင့် နောက်ထပ် ၂၅ ရာခိုင်နှုန်းကျော်တဲ့ အနေအထားတစ်ခုရောက်ပြီဆိုလို့ ရှိရင် သူသမ္မတတင်မြှောက်ခံရနိုင်တယ်။ ဒါကြောင့် သူ့အနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့အစည်းကို တပ်မတော်ရဲ့ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် အရင်ကထက် ပိုပြီးပီပီပြင်ပြင်ရပ်တည်လာနိုင်အောင် ကြိုးစားသွားမယ့် အနေအထားရှိပါတယ်။”

USDP ရဲ့ဗဟိုကော်မတီအစည်းအဝေးက စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ရှုမြင်ပါတယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ပြည်သူလူထုက ကြံ့ခိုင်ရေးပါတီအပေါ်မှာ ဘယ်လိုသဘောထားလဲ ဆိုတာ အရှင်းကြီး။ ဒါပေမဲ့လည်း အခုစစ်ကောင်စီနဲ့ ညှိနှိုင်းပြီး သူတို့တစ်ချိန်ချိန်ဆောင်ရွက်မယ့် ကိစ္စမှာတော့ ကြံ့ဖွံ့ကတော့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားတာတော့ရှိနိုင်တာပေါ့။ ဒါကြောင့် ကြိုပြီးပြင်တဲ့ သဘောလို့ ယူဆတာပေါ့။ ဖြစ်နိုင်ခြေကတော့ အများကြီး၊ အပြောင်းအလဲတွေလည်း အများကြီးဖြစ်နိုင်တယ်။ လူခွဲကစားတာပေါ့။ တချို့တွေတောင် ပုဆိုးပြန်ဝတ်တာတွေရှိကောင်းရှိနိုင်ပါတယ်။”
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ မေလ ၂၃ ရက်နေ့က တွေ့ဆုံပွဲမှာ လာမယ့် ၂၀၂၃ သြဂုတ်လမှာ အထွေထွေ ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲပေးမယ်လို့ ပြောဆိုထားပါတယ်။
ဒီလိုအခြေအနေမှာ USDP ဘက်က ပြင်ဆင်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုများနေတဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ၊ လာမယ့်ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ တူနိုင်မှာမဟုတ်ဘဲ မဲပေးသူတွေပါ အသက်အန္တရာယ်ထိခိုက် နိုင်စရာရှိတယ်လို့ နိုင်ငံရေးသမားတချို့က သုံးသပ်ကြပါတယ်။