ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး သမ္မတလောင်း ရွေးချယ်မည်

နေပြည်တော်မှာ မနက်ဖြန်ကစပြီး နှစ်ရက်ကြာကျင်းပမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ သမ္မတလောင်းကို ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ သမ္မတလောင်း ၂ဦးကို ပါတီတွင်း မဲစနစ်နဲ့ ရွေးချယ်မှာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောပါတယ်။

"ဗဟိုကော်မတီ အစည်းအဝေးလုပ်တယ်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးဖို့ရှိတယ်၊ အမျိုးမျိုးသုံးသပ်နေကြတာပေါ့နော်၊ ဒါပေမဲ့ ဆုံးဖြတ်ဖို့ကတော့ စောသေးတာပေါ့နော်၊ သို့သော် ဘာပဲဖြစ်ဖြစ် နှစ်ယောက်စလုံးသည် ကျနော်တို့ပါတီကပဲ၊ အဲ့ထဲက ဘယ်သူသမ္မတဖြစ်မလဲ၊ ဘယ်သူ့ကိုလျာထားမယ်ဆိုတာက ခုချိန်မှာ တစ်ဦးချင်းအနေနဲ့ ဒွိဟတွေနဲ့ စဉ်းစားနေကြတုန်းပဲ"

မြန်မာ့တပ်မတော်အနေနဲ့ လတ်တလောမှာ လေးလပတ် အစည်းအဝေးကျင်းပနေတာဖြစ်ပြီး အဲဒီအစည်းအဝေးပြီးရင် တပ်မတော်ခေါင်းဆောင်ပိုင်းတချို့ ပါတီတွင်းကို ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာလည်း ရှိပါတယ်။

ဗဟိုကော်မတီအစည်းအဝေးမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မြေကို တစ်ခါတည်း သတ်မှတ်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။