ဒေါက်တာမောင်သင်း အဆိုကို ၄၅ ဦးကော်မတီနဲ့ တစ်ပေါင်းတည်းဆွေးနွေးဖို့ တင်ပြတာကို ကန့်ကွက်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ကြပါတယ်။

အဆိုရှင် ဒေါက်တာမောင်သင်း တင်သွင်းတဲ့ ပုဒ်မ လေးခုအနက် ပုဒ်မ ၂၄၈(ဂ) မှာပြဌာန်းထားတဲ့ နိုင်ငံတော် သမ္မတဟာ ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေရဲ့ သဘောတူညီချက်နဲ့ ဝန်ကြီးဌာနနဲ့ ဝန်ကြီးအရေအတွက်ကို သတ်မှတ်ခန့်အပ်နိုင်တယ် ပြဌာန်းချက်ကို ဒီဥပဒေကြမ်းမှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းတိုင်ပင်ဖို့ဆိုတဲ့ အချက်ကို ပြင်ဆင်ထားပါတယ်။

ဒီပုဒ်မကို ပြင်ဆင်တာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အရင်က တင်သွင်းထားတဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေက ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ကိုပြင်ဆင်တာနဲ့ ဆက်စပ်တယ်လို့ ဒေါက်တာ မောင်သင်းက ပြောပါတယ်။

ဒီအချက်ဟာ ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်တွေက တိုက်ရိုက်ခန့်အပ်ခဲ့ရင် သမ္မတရဲ့လုပ်ပိုင်ခွင့်ကို ကန့်သတ်လျှော့ချခဲ့မှု ပုဒ်မ ဖြစ်လာမှာဖြစ်ပါတယ်။

ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းကို အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ရဲ့အဆိုအရ ဖွဲ့စည်းထားတဲ့ ပူးပေါင်းကော်မတီထဲမှာ တပေါင်းတည်းဆွေးနွေးဖို့ဆိုပြီး ကော်မတီက အကြံပြုထားတာပါ။

ဒါပေမဲ့ ဒီအဆိုပြုချက်ကို တပ်မတော်သား ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ အခြား နှစ်ဦးကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ ပါ ပြဌာန်းချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ အကြံပြုထားကြပါတယ်။

ဒီကနေ့လွှတ်တော်မှာ ၄၈ ဦးကော်မတီရဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီး ထည့်သွင်းဖို့ကိစ္စကို တပ်မတော် သားကိုယ်စားလှယ် ၈ ဦး၊ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ၄ ဦး အပါအဝင် ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ကြပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)