ကြံ့ခိုင်ဖွံဖြိုးရေးပါတီ အမတ်ဟောင်း သေနတ်နဲ့ ပစ်သတ်ခံရ

2021-06-10
Share
ကြံ့ခိုင်ဖွံဖြိုးရေးပါတီ အမတ်ဟောင်း သေနတ်နဲ့ ပစ်သတ်ခံရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်းလွှတ်တော် အမတ်ဟောင်း ဦးနေမျိုးအောင် ကို တွေ့ရစဉ်
Photo: CJ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်းလွှတ်တော် အမတ်ဟောင်း ဦးနေမျိုးအောင်ဟာ ဒီကနေ့ ဇွန်လ ၁၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ဗိုလ်တစ်ထောင် ဘုရားဈေးရုံးဝန်းအတွင်း ဦးခေါင်းကို သေနတ်နဲ့အနီးကပ် ပစ်သတ်ခံလိုက်ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက RFA ကို ပြောပါတယ်။

အခင်းဖြစ်နေရာအနီးမှာရှိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဈေးသည်တစ်ဦးက အမည်မသိ သေနတ် သမားဟာ ကားနဲ့လာပြီး အနီးကပ်ပစ်ခတ်သွားတာလို့ RFA ကို ပြောပါတယ်။

“သူက ဈေးထဲမှာရှိနေတုန်း သေနတ်သမားက ကိုယ်ပိုင်ကားနဲ့လာပြီး အနီးကပ်ပစ်သွားတာ။ သေနတ် သံတောင် မကြားလိုက်ရဘူး။ ဦးခေါင်းပွင့်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်”

သေနတ်ပစ်ခတ်မှုဖြစ်ပြီး ၁၅ မိနစ်အကြာမှာ စစ်သားနဲ့ ရဲတွေအပြည့် သယ်ဆောင်လာတဲ့ ယာဉ် ၁၀ စီး ထက်မနည်းဟာ ဈေးကိုရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေကို ညနေ ၆ နာရီအထိ ပြုလုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်သမားကို မဖမ်းမိပေမယ့် ဗိုလ်တစ်ထောင်ဘုရားနဲ့ ဈေးကိုပိတ်လိုက်တာကို တွေ့ရတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဦးနေမျိုးအောင်ဟာ ဗိုလ်တစ်ထောင်ဘုရားဈေးအနီးမှာ နေထိုင်သူဖြစ်သလို ဗိုလ်တစ်ထောင်ကမ်းနားမှာ စားသောက်ဆိုင်တစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။

သူဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ USDP ပါတီကိုယ်စားပြုပြီး ရန်ကုန်တိုင်းလွှတ်တော် နေရာအတွက် အနိုင်ရရှိခဲ့ပြီးနောက် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ရှိခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းမှာပဲ လွှတ်တော်အမတ်အဖြစ်က ပယ်ဖျက်ခံခဲ့ရသူဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့