စွပ်စွဲမှုကို ကန့်ကွက်ကြောင်း ကြံ့ခိုင်ရေးပါတီ ထုတ်ပြန်


2017.05.07
usdp-office-620.jpg နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပေါ် စွပ်စွဲပြောဆိုချက်ကို ကန့်ကွက်ရှုတ်ချကြောင်း ကြံ့ခိုင်ရေးပါတီက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မနေ့က မေလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဦးဝင်းထိန်က ပြည်ခိုင်ဖြိုးပါတီကို အခုလို မဆင် မခြင်ပြောလိုက်တဲ့အတွက် ပြည်သူတွေ အထင်မြင်လွဲမှားနိုင်သလို ဒီထက်ပိုပြီး ပြောလာမယ်ဆိုရင် တာဝန် ယူရမယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

"တကယ့်ပါတီရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက ဒီလိုမျိုးပြောတာက ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ် အတွက် အန္တရာယ်ကြီးတယ်၊ စိန်ခေါ်မှုတွေဖြစ်လာနိုင်တယ်၊ ဒီလိုပဲဆက်ပြီးတော့ မဆင်မခြင်ပြောနေ ဦးမယ်၊ အမုန်းစကားတွေ ပြောနေဦးမယ်ဆိုရင် တာဝန်ကြီးတယ်ပေ့ါဗျာ၊ ကျနော်တို့က မပြောစေ ချင်ဘူး၊ သူများပါတီကို မထိခိုက်စေချင်ဘူး၊ အမုန်းစကားတွေ မပြောစေချင်ဘူး၊ အချက်အလက် ခိုင်ခိုင်လုံလုံ တိတိကျကျမဟုတ်ဘဲနဲ့လည်း မပြောစေချင်ဘူးလေ၊ ပြည်သူလူထုအနေနဲ့ ပြည်ခိုင်ဖြိုးပါ တီအပေါ်မှာ အထင်မြင်လွှဲမှားနိုင်သလို ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ကျနော်တို့သွားနေတဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေမှာ အဟန့်အတားတွေဖြစ်လာနိုင်တယ်၊ ဒီထက်ပို ပြီး မဆင်မခြင်ပြောဆိုနေမယ်ဆိုရင်လည်း အန်ကယ်ဦးဝင်းထိန်က သူပြောတဲ့အတွက် သူတာဝန်ယူ ရမှာပေါ့ဗျာ"

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ဟာ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့ရေးသားနေတဲ့ လက်ရှိ အစိုးရခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ မဟုတ်မှန်ဘူးဆိုတာကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဧရာဝတီသတင်းဌာနက ဘယ်အဖွဲ့အစည်းအပေါ် သံသယရှိပါသလဲဆိုတဲ့မေးခွန်းကို "ကြံ့ခိုင်ရေးကပဲ လုပ်သလား ၊ အချို့တပ်မတော် အဖွဲ့အစည်းကပဲလုပ်သလား ကျနော်တို့ကို မလိုလားတဲ့ အိုင်တီမှာ ကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလား မှန်းဆရခက်တယ်" ဆိုပြီး ဦးဝင်းထိန် က ပြည်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီလို ပြောရာမှာ ပြည်ခိုင်ဖြိုးပါတီကို ထည့်သွင်းစွပ်စွဲပြောဆိုခဲ့တာကြောင့် ပါတီရဲ့ဂုဏ်သိက္ခာ ထိခိုက်နစ်နာရ သလို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကိုလည်း ထိခိုက်စေတယ်လို့ ဒေါက်တာ နန္ဒာလှမြင့် က ပြောပါတယ်။

ဦးဝင်းထိန်ရဲ့ အခုလိုပြောဆိုတာကို တပ်မတော်ကလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့ တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း သတင်းထုတ်ပြန် ထားပါတယ်။ ဦးဝင်းထိန်ကတော့ သူ့အဲဒီလို ပြောဆိုတာဟာ စွပ်စွဲတာမဟုတ်ဘူးလို့ မနေ့က သတင်းမီဒီယာတွေ ကို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။