ပြီးခဲ့တဲ့လတွေအတွင်း ဖြစ်ပွားခဲ့တဲ အကြမ်းဖက် လုပ်ရပ်တွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုသူတွေရဲ့ အစွန်းရောက် လုပ်ရပ်တွေဖြစ်ပြီး ဒီလုပ်ရပ်တွေကြောင့် ပြည် ပေရာက် မြန်မာနိုင်ငံသားတွေကိုပါ ဆိုးကျိုးတွေ သက်ရောက်စေခဲ့ကြောင်း သမ္မတဦးသိန်းစိန်က သတိပေး ပြောကြားလိုက်ပါတယ်။
အစိုးရပိုင် မီဒီယာတွေကနေ ထုတ်လွှင့်ခဲ့တဲ့မိန့်ခွန်းမှာ သမ္မတက အခုလို ထည့်သွင်းပြောခဲ့တာဖြစ်ပြီး တဖက်နဲ့တဖက် အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်မှုတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်းလည်း ပြောပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်း မျက်နှာဖုံးဟာ ဗုဒ္ဓဘာသာဝင်အများစုရဲ့ ဘာသာရေးယုံကြည်မှု အနှစ်သာရကို မထင်ဟပ်ဘဲ၊ ပုဂ္ဂိုလ်အနည်းစုရဲ့ လုပ်ဆောင်မှုတွေကိုသာ ဇောင်းပေးဖော်ပြထားကြောင်းနဲ့၊ TIME မဂ္ဂဇင်းအနေနဲ့ ပဋိပက္ခတွေ ငြိမ်းအေးဖို့ ရည်ရွယ်ချက်နဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့သာ တင်ပြသင့်ကြောင်းလည်း သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောဆိုပါတယ်။
နိုင်ငံပိုင် ရေဒီယိုတွေကနေ ပြည်သူလူထုကို ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
"ကျနော်တို့ မြန်မာဓလေ့ထုံးစံတစ်ရပ်အဖြစ် ခံယူထားကြတဲ့ မည်မျှမှန်ကန်သောကိစ္စရပ်ပင်ဖြစ်သော်လည်း အများအတွက်အကျိုးမရှိပါက ပြောကြားရန်မသင့်ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရွေးကောက်ခွင့်တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် တိုင်းမ်မဂ္ဂဇင်းမှာ တာဝန်နဲ့ ရေးသားပြောဆိုချက်တွေဟာ အပြုသဘောဆောင်သောချဉ်းကပ်မှု ပြည်သူလူထုတစ်ရပ်လုံး နားလည်လက်ခံပေးနိုင်တဲ့ တင်ပြခြင်းမျိုးနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို ငြိမ်းအေးစေသော ရည်ရွယ်ချက်များဖြစ်အောင် အာရုံစိုက်သင့်တယ်လို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်"
ဒါ့ပြင် လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေ၊ သမိုင်းဖြစ်ရပ်အရိပ်မည်းတွေနဲ့ မိမိတို့လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ်မှုတွေကို အစဉ်ထည့်သွင်းစဉ်းစားစေလိုကြောင်းလည်း နိုင်ငံတကာ မီဒီယာတွေကို တိုက်တွန်းပြောဆိုသွားပါတယ်။
ဒီကနေ့ သမ္မတမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အကြောင်း၊ မလေးရှားရောက် မြန်မာအလုပ်သမားတွေ အကြမ်းဖက်ခံရတဲ့အကြောင်း၊ ILO က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းခဲ့တဲ့အကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းတွေကိုလည်း ပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်း တိုင်းမ်မဂ္ဂဇင်းကို မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ သီရိလင်္ကာနိုင်ငံမှာလည်း အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တွေ သင်ယူနေတဲ့ ဆရာတော် ဦးဥက္ကဌကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိက ဆက်သွယ်လျှောက်ထားတင်ပြထားပါတယ်။