“၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကနေ စစ်ကောင်စီဘက်ကို လွှဲပြောင်းပေးခဲ့တဲ့ ထိုင်း ရုပ်ရှင်ဒါရိုက်တာ ရာမိုင်မိုရီဖန် (Ramai Moriphan) ကို ဩဂုတ်လ ၉ ရက် ဒီနေ့မှာတော့ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေထံ ပြန်လွှဲပြောင်းခဲ့ပြီလို့ တာချီလိတ်မြို့ အခြေစိုက် UWSA ဆက်ဆံရေးရုံး တာဝန်ရှိသူက RFA ကို ပြောပါတယ်။
ဒါရိုက်တာ ရာမိုင်မိုရီဖန်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ တာချီလိတ်မြို့က စစ်ကောင်စီ ရဲ့ တာဝန်ရှိသူတွေထံ UWSA က လွှဲပြောင်းပေးခဲ့တာပါ။
သူဟာ မူးယစ်ဆေးဝါး ဖြတ်ချင်တယ်လို့ပြောတာကြောင့် သူငယ်ချင်းဖြစ်သူက မိုင်းဆတ် ခရိုင် ဝမ်ဟုံရွာမှာရှိတဲ့ UWSA တပ်ဖွဲ့ရုံးကို လာအပ်တာကြောင့် အောက်ခြေတပ်သားတွေ က ဆေးဖြတ်စခန်းကို ပို့ပေးထားတာလို့ UWSA တပ်ဖွဲ့ ဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးဆမ်ပိန်းက ပြောပါတယ်။
"အစပိုင်းမှာ လူကြီးပိုင်းတွေက မသိရဘူး။ နောက်ပိုင်းသတင်းတွေ ထွက်လာတော့ စုံစမ်းကြည့်တော့မှ သူ့သဘောနဲ့သူ မူးယစ်ဆေးဖြတ်မယ်ဆိုပြီး ရောက်နေတယ်ဆိုတာ ကို သိရတာ။ အခုတော့ သူ့ကို ကျနော်တို့ ပြန်လွှဲပေးလိုက်ပါပြီ"
ဒါရိုက်တာ ရာမိုင်မိုရီဖန်ကို လာရောက်ပို့ဆောင်သွားတဲ့ သူ့ သူငယ်ချင်းဖြစ်သူကိုလည်း UWSA အနေနဲ့ အရေးယူမှာဖြစ်သလို လက်ခံထားတဲ့ အောက်ခြေရုံးအဖွဲ့ကိုလည်း တာဝန်ပျက်ကွက်တဲ့အတွက် အရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအစိုးရကတော့ ဒါရိုက်တာ ရာမိုင်မိုရီဖန်ဟာ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ယူဆတာကြောင့် စုံစမ်းအရေးယူမှုတွေ လုပ်ဆောင်မယ့် အကြောင်း Bangkok Post သတင်းဌာနမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ဒါရိုက်တာ ရာမိုင်မိုရီဖန်ကို ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ UWSA က ပြန်ပေးဆွဲထားတဲ့အတွက် စုံစမ်းစစ်ဆေးပေးဖို့ဆိုပြီး မိခင်ဖြစ်သူက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ထံ ဇူလိုင် ၁၁ ရက်နေ့မှာ အသနားခံစာ ပေးပို့ထားတာပါ။
ဒါရိုက်တာ ရာမိုင်မိုရီဖန်ဟာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ရုပ်ရှင်ရိုက်ကူးရေး လုပ်ဖို့ ရောက်လာတာဖြစ်ပြီး အလုပ်တွေပြီးလို့ အတူပါလာသူတွေ ပြန်သွားခဲ့ကြပေမယ့် သူတစ်ယောက်တည်း ကျန်ခဲ့တာပါ။
အဲဒီနောက်ပိုင်း UWSA တပ်ဖွဲ့ရဲ့ ဩဇာကြီးမားတဲ့ စီးပွားရေးသမားတစ်ဦးနဲ့ လုပ်ငန်းကိစ္စ အချို့ ဆွေးနွေးပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့တာလို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။