တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ ပအိုဝ်းတိုင်းရင်းသားတွေကို "ဝ" ဒေသမှာ ခိုလှုံခွင့်ပေးထား
2019.01.04

ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်မှာ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အကြားက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ပအိုဝ်းဒုက္ခသည် ၂၃၁ ယောက်ကို "ဝ" ပြည်နယ် တောင်ပိုင်းမှာ နေရာချထားပေးတယ်လို့ UWSA က ပြောလိုက်ပါတယ်။
အဲဒီထဲမှာ ၁၂ နှစ်အောက် ကလေး ၉၄ ဦးပါဝင်ပြီး ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက တာဆွင်းညိ ကူးတို့ဆိပ်ကနေ သံလွင်မြစ်ကိုဖြတ်ပြီး ခိုလှုံဝင်ရောက်လာကြတာလို့ UWSA ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲဒီဒုက္ခသည်တွေကို "ဝ" ပြည်နယ်တောင်ပိုင်း ၁၇၁ စစ်ဒေသ ခိုက်လုံရွာမှာ နေရာချထားပေးပြီး နေမကောင်းဖြစ် သူတွေနဲ့ ဖျားနာသူတွေကို ဆေးဝါးကုသပေးပြီး အစားအသောက်တွေ ထောက်ပံ့ထားတယ်လို့လည်း ထုတ်ပြန်ချက် အရ သိရပါတယ်။
တချိန်တည်းမှာလည်း မိုင်းပန်မြို့နယ်အတွင်းက နောင်ချိုရွာ၊ မိုက်ပုတ်ရွာ၊ ပန်ပိရွာတွေက ဒေသခံတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က နေရပ်တွေကနေစွန့်ခွာဖို့ ဖိအားပေးခြိမ်းခြောက်နေကြောင်း အခုလို အတင်းအဓမ္မ နေရပ်စွန့်ခွာဖို့ ဖိအားပေးတာကိုလည်း PNLO က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း PNLO အဖွဲ့က ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
RCSS အဖွဲ့က ဗိုလ်မှူးကြီး စိုင်းဦးကတော့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရွာသားတွေကို နေရပ်စွန့်ခွာဖို့ ဖိအားပေးတာ မရှိကြောင်းနဲ့ ပန်မိကျေးရွာအနီးဝန်းကျင်မှာ PNLO အဖွဲ့က နေရာဝင်ယူထားတာကြောင့် ဒေသခံရွာသားတွေက မနေရဲတော့ဘဲ နေရပ်စွန့်ခွာထွက်ပြေးဖို့ ကြိုးစားတာတွေဖြစ်ကြောင်း RFA ကို ပြောပါတယ်။