ရပ်နားထားတဲ့ သံဖြူတင်ပို့ခွင့်ကို “ဝ” အာဏာပိုင်တွေ ပြန်ခွင့်ပြု
2024.06.15
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်က ရပ်နားထားတဲ့ သံဖြူတင်ပို့ခွင့်ကို ဇွန်လ ၁၄ ရက်နေ့က ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရိုက်တာက ရရှိထားတဲ့စာအရ “ဝ” ဒေသ ဗဟိုစီးပွားရေးစီမံကိန်းကော်မတီရဲ့ ဇွန်လ ၁၀ ရက်နေ့ အစည်းအဝေးမှာ “ဝ” ဒေသ မန်ချန်ခရိုင်မှာရှိတဲ့ သတ္တုတွင်းက သံဖြူတွေကို ပြန်လည်တင်ပို့ခွင့်ပြုဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်သံဖြူတွေကို ဘယ်နေရာကို တင်ပို့မယ်ဆိုတာနဲ့ သံဖြူတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ တရားဝင် ခွင့်ပြု၊ မပြုကိုတော့ အသေးစိတ် ဖော်ပြမထားဘူးလို့ ဆိုပါတယ်။
မန်ချန်ခရိုင်မှာ မရောင်းချရသေးတဲ့ သံဖြူသတ္တုရိုင်း တန်ချိန် တစ်သောင်းကျော် (၁၁,၈၅၂) လက်ကျန်ရှိနေပြီး အဲဒါကို တင်ပို့ခွင့်ပြုဖို့ အတည်ပြုချက်တောင်းခံထားတဲ့စာကို ရိုက်တာက ရရှိထားတာဖြစ်ပါတယ်။ အဲဒီစာပါအချက်အလက်အရ သတ္တုတွင်း အလုပ်သမားတွေကို လုပ်ခလစာပေးဖို့ အခက်အခဲ ရှိနေတဲ့အတွက် လက်ကျန်သံဖြူတွေကို တင်ပို့ခွင့်ပြုဖို့ဆိုပြီး ဖော်ပြထားတာလို့ ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး “ဝ” ဒေသ ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ထိန်းချုပ်ရာ “ဝ” ဒေသက သံဖြူသတ္တုတူးဖော်ရေး လုပ်ငန်း အားလုံးကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၁ရက်နေ့မှာ ရပ်ဆိုင်းခဲ့သလို တင်ပို့ခွင့်ကိုတော့ ဧပြီလမှာ ရပ်နားခဲ့တာပါ။
“ဝ” ဒေသ သတ္တုတွင်းတွေမှာ လက်ကျန်သံဖြူ သတ္တုရိုင်းတွေ လျော့နည်းနေပြီး၊ ဒေသတွင်းမှာ ကျန်တဲ့ သတ္တုရင်းမြစ်တွေကို အချိန်မီ ထိန်းသိမ်းဖို့ လိုအပ်တာကြောင့် ထုတ်လုပ်မှု လျှော့ချဖို့ “ဝ” ဒေသ တာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်တာလို့ အဲဒီအချိန်က ကြေညာခဲ့ပါတယ်။ အဲဒီအချိန်က ကမ္ဘာ့သံဖြူစျေးကွက်မှာ သတ္တုရိုင်းတစ်တန်ချင်း စျေးနှုန်း ၁၁ ရာခိုင်နှုန်းလောက်အထိ မြင့်တက်ခဲ့ပါတယ်။
“ဝ” ဒေသက သံဖြူထုတ်လုပ်တင်ပို့မှု ရပ်ဆိုင်းခဲ့ပေမဲ့ ဒီနှစ် ဇန်နဝါရီကနေ ဧပြီလအတွင်း တရုတ်နိုင်ငံက သံဖြူတန်ချိန် ငါးသောင်းနီးပါး(၄၇,၅၁၈)ကို မြန်မာပြည်ကနေ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကနေ ဧပြီလအတွင်း တင်သွင်းမှုနဲ့ နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
“ဝ” ဒေသကထွက်တဲ့ သံဖြူအားလုံးနီးပါးကို တရုတ်နိုင်ငံက ဝယ်ယူတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ သံဖြူလိုအပ်ချက် ၇ဝ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံကနေ ရရှိနေတာဖြစ်ပါတယ်။ ဝ ဒေသဟာ ကမ္ဘာ့သံဖြူတင်ပို့မှုမှာ ၁ဝ ရာခိုင်နှုန်း အထောက်အပံ့ဖြစ်တယ်လို့ နိုင်ငံတကာသံဖြူထုတ်လုပ်ရေး အသင်း အချက်အလက်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြထားပါတယ်။
အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန စစ်တမ်းအရ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့သံဖြူထုတ်လုပ်မှုရဲ့ ၁၉ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကဖြစ်ပြီး စုစုပေါင်း တန်ချိန် သုံးသိန်းနီးပါး (၂၉ဝ,ဝဝဝ) ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။