လက်မှတ်မထိုးထားတဲ့အဖွဲ့တွေရဲ့ အစည်းအဝေး ကျင်းပမည်


2017.04.13
pansang-622.jpeg ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသက ပန်ဆန်းမြို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

မကြာခင်ရက်ပိုင်းအတွင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချူပ်ရှိရာ ပန်ခမ်းမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရဲ့ အစည်းအဝေး ကျင်းပဖို့ရှိတယ်လို့ TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေး မှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက "ဝ " ဒေသ ပန်ခမ်းမှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေး တွေ့ ဆုံဆွေနွေးရေး ကော်မတီရဲ့ လုပ်ငန်းတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆွေးနွေးကြမှာဖြစ်တယ်လို့ TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။

"အဓိကကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျနော်တို့ လုပ်ထားတဲ့ ထိပ်သီးအစည်းအဝေးမှာ ကော်မတီ တစ်ခုဖွဲ့ထားပါတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီ၊ အဲဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့ အစည်းအဝေးဖြစ်ပါတယ်။ အဲဒါကို အသေးစိတ်တော့မသိသေးဘူး ၊ ကျနော်တို့ ကိုယ်စားလှယ်တွေတော့ တက်သွားပါပြီ၊ သိထားတာကတော့ ဒီ ၁၅ ရက်နေ့ အစည်းအဝေးလုပ်မယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျနော်တို့အဖွဲ့တွေ ၁၃ ရက်နေ့က တက်သွားပါပြီ"

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးတဲ့ လမ်းကြောင်းက မဟုတ်ဘဲ တိုက်ပွဲတွေကို ဘယ်လိုရပ်စဲကြမလဲ၊ နိုင်ငံရေး ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ လမ်းကြောင်း အသစ်ကို နိုင်ငံရေးတွေ့ ဆုံဆွေးနွေးရေးကော်မတီက အဖြေရှာမှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။

အစိုးရနဲ့ ဆွေးနွေးမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီမှာ ပါဝင်မယ့် အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် အမည်စာရင်းတွေကို တင်သွင်းဖို့ရှိတယ်လို့ ပြောပါတယ်။

အဲဒီ အစည်းအဝေးတက်ရောက်ဖို့ UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP တို့ကို ဖိတ်ကြားထားပေမယ့် တက်ရောက်မယ် မတက်ရောက်ဘူးဆိုတာကိုတော့ မသိသေးဘူး လို့ ပြောပါတယ်။

ပန်ခမ်းအစည်းအဝေးကို တက်ရောက်မယ့် အဖွဲ့ ၇ ဖွဲ့ကတော့ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ မိုင်းလားတပ်ဖွဲ့ NDAA ၊ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ကိုးကန့် အဖွဲ့၊ တအာင်း ပလောင် TNLA တို့ တိုက်ပွဲတွေ ရက်ခြားဆိုသလို ဖြစ်နေဆဲပဲလို့ ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံ ညီလာခံနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။