စစ်တပ်နဲ့ရဲရဲ့ သတ်ဖြတ်မှုတွေကို ICC က အရေးယူစေချင်ကြောင်း နစ်နာသူတွေပြော

စမ်းစမ်းတင်(ဝါရှင်တန် ဒီစီ)
2021.07.08

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက်ပစ်ခတ်မှု ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အသက်ဆုံး ခဲ့သူ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူတွေရဲ့ မိသားစုတွေက ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကနေ အရေးယူအပြစ်ပေးစေချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

အပြစ်မဲ့တဲ့အရပ်သားတွေကို တရားလက်လွတ် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် စစ်တပ်ဟာ မလွဲမသွေ အရေးယူခံရသင့်တယ်လို့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က စစ်တပ် က ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးခဲ့ရသူ မောင်ကျော်မင်းလတ်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အရေးယူဖို့အရေးကို ကျွန်တော်အားပေးတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အရေးယူလို့မရဘူး။ ကျွန်တော်တို့က အရေးယူမယ်ဆိုရင် ကျွန်တော့်ကိုလာဖမ်းသွားမှာပေါ့။ အမှန်တရားအတိုင်းပဲဖြစ်ရမှာ ပေါ့။ လမ်းမှာသွားနေတဲ့ ကြက်ကလေးငှက်ကလေးကို လေးနဲ့ပစ်သလိုမျိုး ပစ်သွားတာ။ ကျွန်တော်က ထိထိရောက်ရောက် သူတို့ကို အရေးတော်တော်လေးယူချင်နေတာ။"

ထားဝယ်မြို့က အသက် ၁၇ နှစ်သာရှိသေးတဲ့ ပန်းရံအလုပ်သမားလေး မောင်ကျော်မင်းလတ်ဟာ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့မှာ စစ်အာဏာရှင်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်ဆန္ဒပြနေချိန် သူငယ်ချင်း နှစ်ယောက်နဲ့အတူ ဆိုင်ကယ်စီးလာစဥ် အထက ၃ ကျောင်းရှေ့အရောက်မှာ စစ်ကားနှစ်စီးနဲ့ တည့်တည့်တိုး ပြီး ရုတ်တရက် အနီးကပ်ပစ်သတ်တာကို ခံလိုက်ရတာ ဖြစ်ပါတယ်။

အနီးမှာရှိတဲ့ CCTV လုံခြုံရေးကင်မရာကနေ ဖမ်းယူထားတဲ့ မောင်ကျော်မင်းလတ် ပစ်သတ်ခံရပုံမှတ်တမ်းဟာ လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီး အခင်းဖြစ်ပုံကို တစ်နိုင်ငံလုံးမြင်တွေ့ရပေ မယ့် စစ်တပ်ကတော့ ဆိုင်ကယ်မတော်တဆမှုကြောင့် မောင်ကျော်မင်းလတ် သေဆုံးတာဖြစ်ကြောင်း ဆေးစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

"ဒီပြစ်မှုတွေ သူတို့စစ်တပ်မှာ တာဝန်အပြည့်ရှိတယ်။"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်ကျော်မင်းလတ်ရဲ့ မိသားစုဝင်တစ်ဦး ကတော့ စစ်တပ်အနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် အခုလို လိမ်ညာပြီး ရှောင်တိမ်းနေလို့ မရဘူးလို့ RFA ကို ပြောပါတယ်။

စစ်တပ်က ပစ်ခတ်လိုက်တဲ့ကျည်ဆံကြောင့် အိမ်ထဲမှာနေရင်း အသက်ဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့က မောင်ထူးမြတ်ဝင်းရဲ့ ဖခင်ကလည်း လက်လွတ်စပယ် ပစ်ခတ်နေတဲ့ စစ်တပ်ကို အရေးယူမှုတွေ အောင်မြင်စေ ချင်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော့်သားကို ပစ်လိုက်တာ တိုက်ပေါ်ကနေပစ်တာ သေချာတယ်။ သေချာပေမယ်လို့ ထိထိ ရောက်ရောက် အတတ်နိုင်ဆုံး အဲဒါကို အဖြေရှာပြီးတော့ပေါ့။ ဘယ်သူဘယ်ဝါပစ်တယ်ဆိုတာတော့ မသိသေးဘူးပေါ့။ ဒီပြစ်မှုတွေ သူတို့စစ်တပ်မှာ တာဝန်အပြည့်ရှိတယ်။ သူတို့ ဒါလုံး၀ အဓိပ္ပာယ်မှမရှိတာ။ ကျွန်တော်ကတော့ သူတို့ကိုအရေးယူတာ အောင်မြင်ရင် ပြီးတာပါပဲ။ အောင်မြင် နိုင်ပါတယ်။ အရေးတော်ပုံအောင်ရမယ်။”

အသက် ၁၃ နှစ်အရွယ် မောင်ထူးမြတ်ဝင်း ဟာ ပြီးခဲ့တဲ့ဧပြီလမှာ ရှင်ပြုဖို့ပြင်ဆင်နေတုန်း မတ်လ ၂၇ ရက် နေ့မှာပဲ စစ်တပ်က ပစ်ခတ်လိုက်တဲ့ ကျည်ဆံကြောင့် အသက်ဆုံးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မောင်ထူးမြတ်ဝင်းရဲ့ ရှင်ပြုပွဲအတွက် ပြင်ဆင်ထားတဲ့ အသုံးအဆောင်တွေကို သူ့ဘဝရဲ့ နောက်ဆုံး ခရီးဖြစ်တဲ့ စျာပနအခမ်းအနားအတွက် မိသားစုက အသုံးပြုခဲ့ရပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ဖြိုခွင်းမှုကြောင့် ညာဘက်လက်တစ်ဘက်ပြတ်၊ ညာဖက်မျက်လုံးထိခိုက်ပြီး ချက်ချင်း ဒုက္ခိတဖြစ်သွားတဲ့ မကွေးနည်းပညာတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာကျောင်းသား မောင်လျှံဖြိုးအောင်ရဲ့ မိသားစုဝင်တစ်ဦးကလည်း စစ်တပ်ကို အမြန်ဆုံး အရေးမယူနိုင်ရင် သူ့သားလိုမျိုး နောက်ထပ် အနာဂတ် အတွက် တန်ဖိုးရှိတဲ့လူငယ်တွေ ဆုံးရှုံးနစ်နာမှုကြီးလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်လိုဖျက်ဆီးလုပ်တဲ့အတွက် ဒါဟာ မလွဲမသွေပြစ်မှုပြစ်ဒဏ် ပေးသင့် တယ်လို့ ကျွန်တော်တောင်းဆိုချင်ပါတယ်။ ပြည်သူတွေ ဒီထက်ပိုပြီး အသက်အိုးအိမ်တွေ မဆုံးရှုံးရလေ အောင် ကြိုးစားနေတာလေးတွေကိုတော့ အရာထင်စေချင်တယ်။ ဆိုလိုတာက ကယ်တင်တာ နောက် ကျလေလေ ဆုံးရှုံးမှုတွေများလေလေ၊ မြန်မြန်ကယ်တင်နိုင်လေလေ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးတာ နည်းလေလေပေါ့။ အခုလည်းဆုံးရှုံးမှုကြီးကတော့ အတိုင်းအတာမရှိအောင် ဆုံးရှုံးနေပါပြီ။”

shan-phyo-aung.jpg
(စစ်ကောင်စီတပ်ကြောင့် ညာဘက်လက်ပြတ်ပြီး မျက်လုံးထိခိုက်သွားတဲ့ မောင်လျံဖြိုးအောင်)

မောင်လျံဖြိုးအောင်ဟာ မတ်လ ၂၇ ရက်နေ့မှာပဲ မကွေးမြို့မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေချိန် စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ဒဏ်ရာအပြင်းအထန်နဲ့ ဖမ်းဆီးခံရပြီး၊ အရေးပေါ်ဆေးကုသမှု ခံယူရမယ့် အခြေအနေဖြစ်ပေမယ့် ၅၀၅(က) တရားစွဲခံရပြီး အခုချိန်ထိ မလွတ်မြောက်သေးပါဘူး။

အခုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ မောင်ကျော်မင်းလတ်၊ မောင်ထူးမြတ်ဝင်းနဲ့ မောင်လျှံ ဖြိုးအောင် တို့ရဲ့ ဖြစ်စဉ်တွေအပါအဝင် သက်သေထင်ရှားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၀၀ ဝန်းကျင် ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICC)ကို တင်သွင်းဖို့ ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့သုံးလအတွင်း မြန်မာတစ်နိုင်ငံလုံးကနေ NUG ထံ ပေးပို့လာတဲ့ တိုင်ကြားစာပေါင်း လေးသိန်းကျော် လက်ခံရရှိထားပြီး၊ အဲဒီထဲကမှ နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဖြစ်စဥ် ၂၀၀ ကျော်ကို ရွေး ထုတ်တိုင်ကြားသွားမှာ ဖြစ်တယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူနဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဒေါက်တာဆာဆာ က ဇွန် ၂၅ ရက် သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

ဆိုးဆိုးရွားရွား ပြစ်မှုကျူးလွန်သူတွေကို ထိုက်ထိုက်တန်တန် အရေးယူရမယ်၊ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို ပို့ကိုပို့ရမယ်လို့ ဒေါက်တာ ဆာဆာ က ပြောပါတယ်။

ဒေါက်တာဆာဆာ

“အမှုကျူးလွန်တဲ့သူကို ကျွန်တော်တို့က သူထိုက်တန်တဲ့ပြစ်ဒဏ်ကိုပေးရမှာ။ အခု ဒီမိုကရေစီမရသေးတဲ့အခါကျတော့ အစိုးရတစ်ရပ်အနေနဲ့ မင်းအောင် လှိုင် ကို အပြစ်ပေးလို့မရသေးဘူး။ သူက ဥပဒေ အပေါ်မှာနေနေတော့။ ဒါကြောင့်မလို့ ကျွန်တော်တို့က နိုင်ငံတကာရာဇဝတ်ခုံရုံးဖြစ်တဲ့ ICC ကို သူ့ကို သွားခိုင်းမှာဖြစ်တယ်။ ICC မှာ သူ့ကို တရားစွဲနိုင်ဖို့ရာအတွက် ဒီဘက် က အထောက်အထားလိုတယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့က တည် ဆောက်နေတယ်ဆိုတာ ပြောလိုတယ်။”

ဥပဒေပညာရှင်အချို့ကတော့ မြန်မာနိုင်ငံဟာ ICC ကနေ အရေးယူအပြစ်ပေးနိုင်တဲ့ Rome Statute သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတာ မဟုတ်တဲ့အတွက် စစ်တပ်ကို တရားစွဲဖို့ ခက်လိမ့်မယ်ဆိုပြီး ထောက်ပြပြောဆိုကြပါတယ်။

ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ ဂျာမဏီနိုင်ငံတက္ကသိုလ်တစ်ခုမှာ နိုင်ငံရေးနှင့် တရားဥပဒေရေးရာ မနုဿဗေဒ ပါရဂူဘွဲ့ ကျမ်းပြုနေသူ ကိုနစ်ကီဒိုင်းမွန်း ကတော့ NUG အစိုးရအနေနဲ့ ICC အဖွဲ့ဝင်ဖြစ်ဖို့အတွက် အခွင့် အလမ်းတွေရှိနေတယ်၊ ရှိအောင်ကြိုးစားရင် ပြစ်မှုကျူးလွန်တဲ့ မြန်မာစစ်တပ်ကို ICC မှာ တရားစွဲနိုင်တယ်လို့ ပြောဆိုပါတယ်။

နစ်ကီဒိုင်းမွန်း (Fortify Rights)

“NUG ကနေပြီးတော့ Rome Statute အဖွဲ့ဝင်နိုင်ငံဖြစ်အောင် ကြိုးစားပြီး တော့ တရားစွဲဆိုဖို့လုပ်လို့ရှိရင် ပိုကောင်းတယ်။ များသောအားဖြင့် ICC က အဖွဲ့ဝင်နိုင်ငံတွေ တော်တော်များများက မြန်မာ့ဒီမိုကရေစီအရေးကို လိုလား တဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့် NUG အစိုးရအနေနဲ့ ICC အဖွဲ့ဝင်ဖြစ်ဖို့ အတွက် အခွင့်အရေးအလားအလာတွေ အများကြီးရှိတယ်။ ICC တစ်ခုတည်း ချည်းပဲ ကျွန်တော်တို့ အားကိုးလို့ တော့ မရဘူး။ နိုင်ငံတကာမှာဆိုရင် စစ် ရာဇဝတ်မှုတွေ ဂျီနိုဆိုက်တို့ကို အပြစ်ပေးတဲ့နေရာမှာ မြန်မာပြည် အတွက် သီးသန့်အပြစ်ပေးအရေးယူဖို့ ဖွဲ့စည်းထားတဲ့ တရားရုံးမျိုးတွေကနေလည်း အပြစ်ပေးအရေးယူလို့ ရတယ်။”

Crime Against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ ကနေ အပြစ်ပေးအရေးတာမျိုးမလုပ်ဘဲ၊ ကင်းလွတ်နေဦးမယ်ဆိုရင် စစ်တပ်ဟာ နိုင်ငံရေးမှာ ဆက်လက်ခြယ် လှယ်ခွင့်ရနေပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုတွေ ဆက်ပြီးဖြစ်နေဦးမယ်လို့လည်း ကိုနစ်ကီဒိုင်းမွန်း က ပြောသွားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်တပ်ကို ICC မှာ တရားစွဲနိုင်ဖို့ ကြိုးစားနေတဲ့ တစ်ချိန်တည်း မှာပဲ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တစ်ကမ္ဘာလုံးက သိမြင်နိုင်ဖို့အတွက် အွန်လိုင်းပြတိုက် ဖွင့်မယ်လို့ ကြေညာထားပါတယ်။

အဲဒီအွန်လိုင်းပြတိုက်မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့ထိ ငါးလကျော်ကာလ အတွင်း ရဲနဲ့စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုတွေကို သက်သေအထောက် အထားနဲ့တကွ အသေးစိတ်ပြသသွားမယ်လို့ ဒေါက်တာ ဆာဆာ က ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း(AAPP)ရဲ့ ဇူလိုင် ၇ ရက် မနေ့ကထိ နောက်ဆုံး ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း ငါးလကျော်အတွင်း သေဆုံးသူ ၈၉၇ ဦးနဲ့ အခုချိန်ထိ အကျဥ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၅၁၂၀ ဦး ကျန်ရှိနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။